မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်နေသော စစ်ကောင်စီ၏လုပ်ရပ်များကို ကန့်သတ်ရန် မိတ်ဖက်နိုင်ငံများက ဆက်လက်ပူးပေါင်းအရေးယူမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။
အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်တို့သည် ဥရောပကော်မရှင်နှင့် ဥရောပပြည်ပအရေးယူဆောင်ရွက်မှုဌာနတို့၏ အရေး
ယူပိတ်ဆို့ရေးမူဝါဒနှင့် အကောင်အထည်ဖော်မှု ဌာနအကြီးအကဲများနှင့် မေလ ၂၄ ရက်တွင် တွေ့ဆုံခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် စစ်ကောင်စီအပေါ်ဆက်လက်အရေးယူမှုများ ထပ်တူလုပ်ဆောင်ရေး ဆွေးနွေးခဲ့ကြသည်။
အထက်ပါမိတ်ဖက်နိုင်ငံများသည် ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်မှစ၍ လုပ်ဆောင်ခဲ့သော အရေးယူမှုများ၏ ထင်ရှားသည့်အတိုင်းအတာ၊ ဆက်လက်ပူးပေါင်းကြိုးပမ်းအားထုတ်မှုများနှင့် အစုံလိုက်အရေးယူမှုများကို အထောက်အပံ့ဖြစ်ရန် သတင်းအချက်အလက်နှင့် ပစ်မှတ်ထားမျှဝေမှုများ ဆက်လက်လုပ်ဆောင်ရန် အရေးကြီးမှုများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် စစ်မှန်ပြီး အားလုံးပါဝင်သော ဒီမိုကရေစီစနစ်ဆီဦးတည်သည့်လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး စစ်ကောင်စီကို ဖိအားပေးရန် မိတ်ဖက်နိုင်ငံများက ဆန်းစစ်ခဲ့ကြသည်။
ဥရောပကောင်စီသည် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များ၊ အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများ စသည့် လူပုဂ္ဂိုလ် ၉၂ ဦးနှင့် အဖွဲ့အစည်း ၁၇ ခုကို ၂၀၂၄ ဧပြီ ၃၀ ရက်အထိ အရေးယူပိတ်ဆို့ကြောင်း ဧပြီလကုန်ပိုင်းက ဆုံးဖြတ်ခဲ့သည်။ ကောင်စီသည် ထပ်မံရရှိသော အချက်အလက်များအရ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် စစ်ကောင်စီအဖွဲ့ဝင် စုစုပေါင်း ၂၄ ဦး နှင့် အဖွဲ့အစည်း တစ်ခုတို့ကို ဥရောပကောင်စီ၏အရေးယူပိတ်ဆို့မှုစာရင်းတွင် ထပ်မံထည့်သွင်းခဲ့သည်။
ထို့အပြင် မြောက်မက်ဆီဒိုနီးယား၊ မွန်တီနီဂရိုး၊ ဆားဘီယား၊ အယ်ဘေးနီးယား၊ ယူကရိန်း၊ ဘော့စနီးယား၊ ဂျော်ဂျီယာနှင့် EFTA(ဥရောပလွတ်လပ်စွာကုန်သွယ်ရေးအသင်း)
နိုင်ငံများဖြစ်သည့် အိုက်စလန်၊ လက်ချင်စတိန်းနှင့် နော်ဝေးတို့ကလည်း ဥရောပကောင်စီ၏ ဆုံးဖြတ်ချက် အရေးယူပိတ်ဆို့မှုအတိုင်း လိုက်နာကျင့်သုံးမည်ဟု ဥရောပသမဂ္ဂ(EU)အကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က မေလ ၂၃ရက်တွင် ကြေညာခဲ့သည်။