စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားစံပြကျေးရွာ ရှိန်းမကားရဲစခန်းအထိုင်ချထားတဲ့ စစ်ကောင်စီအဖွဲ့ ကျည်ကုန်အောင် ကာကွယ်ရေးအဖွဲ့တွေက တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bo Tiger-ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီကျော်က ရှိန်းမကားရဲစခန်းထဲမှာ အင်အား ၆၀ ဝန်းကျင်ရှိနေတဲ့အချိန် ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက မီတာ ၈၀၀ အကွာအဝေးကနေ တာဝေးပစ်လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“အခုလိုသွားပြီးပစ်ရတာက သူတို့က ကျည်အင်အားပေါတာကြောင့် ကျည်ကုန်အောင် သွားပစ်ကြတာ၊ ကျည်လမ်းကြော ပြတ်တောက်မှုတွေဖြစ်အောင် ရည်ရွယ်ပြီးတော့လုပ်တာ၊ သူတို့ကျည်တွေအားနည်းတဲ့ အချိန်ကြရင် စခန်းသိမ်း နိုင်အောင်အထိ ကြိုးစားမှာပါ၊ ကျနော်တို့က လက်နက်ကြီးတာဝေးပစ်တွေနဲ့ သူတို့စခန်းတည်နေရာကို ထုတယ်၊ ဂန်းငယ်နဲ့လည်း ပစ်တယ်၊ ၂ နာရီကျော်အကြာ ပစ်ခတ်ခဲ့တယ်၊ အဲ့ဒီစခန်းမှာက အင်အားက ၆၀ လောက်ပဲရှိတာ” လို့ Bo Tiger-ဗိုလ်ကျားကြီး ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။
နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုမှာ ထိခိုက်သေဆုံးတာတွေ မရှိနိုင်ပေမဲ့ ထိခိုက်ဒဏ်ရာရတာတော့ ရှိနိုင်တယ်လို့ ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။
ရှိန်းမကားရဲစခန်းကို ကာကွယ်ရေးအဖွဲ့တွေက မကြာခဏ သွားရောက်ပစ်ခတ်တာရှိနေပေမယ့် ဒီတခါ ပစ်ပစ်ခတ်မှုဟာ စခန်းသိမ်းနိုင်ဖို့အတွက် ရဲစခန်းအတွင်း ကျည်ပြတ်တောက်အောင် ရည်ရွယ်ပစ်ခတ်တာလို့ သိရပါတယ်။
ဒီ တိုက်ခိုက်မှုကို Bo Tiger-ဗိုလ်ကျားကြီး ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈ နှင့် တိုက်နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်ကလည်း ပျူစောထီးနဲ့ တပ်မ ၃၃ စစ်ကြောင်းကို Bo Tiger-ဗိုလ်ကျားကြီး အဖွဲ့က ဆားတောင်မြို့နယ် ကူကြီးကုန်းရွာ စားသောက်ဆိုင်တွေအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ပါသေးတယ်။