ရန်ကုန်၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကွန်းကျောင်းလမ်းရှိ ရွှေအင်းစိန် မြက်ခင်းတု ဖူဆယ် ဘောလုံးကွင်း အတွင်း ဒီကနေ့ ဩဂုတ်လ ၁၁ ရက်၊ မနက် ၇ နာရီ ဝန်းကျင်နဲ့ ၇ နာရီခွဲ ဝန်းကျင်မှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဩဂုတ်လ ၃ ရက်နေ့က အဆိုပါ ဖူဆယ် ကွင်းဖွင့်ပွဲနဲ့ ဘောလုံးပြိုင်ပွဲ တပြိုင်နက် လုပ်ခဲ့ရာမှာ ဖွင့်ပွဲ ခမ်းအနားကို အင်းစိန်ခရိုင် စစ်ကောင်စီ ဥက္ကဌ အပါအဝင် ဒုတိယဗိုလ်မှူးကြီး၊ ဒုတိယရဲမှူးကြီး တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
“ဗုံးပေါက်တာ နာရီဝက်လောက်တော့ အချိန် ခြားတယ်။ ဘောလုံးကွင်းထဲမှာ ကန်တဲ့သူ မရှိတော့ လူတော့ မထိဘူး။ ဂိုးတိုင်တွေတော့ ပျက်စီးသွားတာရှိတယ်။ ခုအချိန်ထိလည်း ရပ်ကွက် ဒလန်နဲ့ အရပ်ဝတ်ကောင်တွေ လှည့်ပြီး စောင့်ကြည့်နေတာ ညနေပိုင်းအထိ တွေ့တယ်” လို့ ရပ်ကွက် အတွင်း နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ဗုံးဖောက်ခွဲခံရတဲ့ ဖူဆယ်ကွင်းဟာ စစ်ကောင်စီ အရာရှိတွေနဲ့ ပတ်သက်နေတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။
ပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ် အင်အား အများအပြားနဲ့ ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ဘာကြောင့် ပြုလုပ်ခဲ့တယ် ဆိုတာ မသိရသေးပါဘူး။