ကိုးကန့်ဒေသ၌ စစ်ကောင်စီတပ်က အလစ်အငိုက် တိုက်ခိုက်လာ၍ ကိုးကန့်တပ်မတော်(MNDAA) ရဲဘော်များ ထိခိုက်မှုရှိခဲ့ကြောင်း MNDAAက ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဒီဇင်ဘာ ၁၁ ရက်) မွန်းလွဲပိုင်းတွင် ကိုးကန့် ရှီရှမ်းဒေသ ၊ တာရွှေထန် ကျေးရွာအုပ်စု ၊ ဟုန်ရှိထုပ်ဟော်ကျေးရွာအနီးရှိ MNDAA၏ ခံတပ်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ MNDAAက ပြန်လည်ခုခံခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ပွဲအတွင်း MNDAAမှ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။
ထို့ပြင် ဒီဇင်ဘာ ၁၁ ရက် နေ့လည်ပိုင်းတွင် MNDAAတပ်သားသည် မူပန်(သိန္နီ)ခရိုင်၏အ နောက်တောင်ဘက်ခြမ်း လမ်းမကြီးတလျှောက် တွင် မိုင်းရှင်းလင်းရေးလုပ်ဆောင်စဉ် မိုင်းပေါက်ကွဲ၍ တပ်သားအချို့ထိခိုက်ခဲ့ကြောင်း၊ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ကုသချိန် စစ်ကောင်စီတပ်၏ စကခ(၁၆) က လက်နက်ကြီး ပစ်ခတ်၍ MNDAAတပ်သားတစ်ဦး လက်နက်ကြီး ကျည်စထိမှန်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
MNDAAအနေဖြင့် လောက်ကိုင်မြို့အနီးတွင် ပြီးခဲ့သည့် ရက်ပိုင်းများက တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းများရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်း အချို့ကို သိမ်းပိုက်ထားသည်။
MNDAA အပါအဝင် ညီနောင်မဟာမိတ်တပ်မှ တာဝန်ရှိသူများနှင့် စစ်ကောင်စီတို့သည် တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် တွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်ဟုဆိုသည်။ ထိုသို့တွေ့ဆုံပွဲရှိသည့် အခြေအနေတွင် ဒီဇင်ဘာ ၁၁ရက်၊ ၁၂ရက်က MNDAA တပ်များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သည့် တိုက်ပွဲများ မတွေ့ရသေးဘဲ စစ်ကောင်စီက အလစ်တိုက်ခိုက်မှုကြောင့်သာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။