စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) အပါအဝင် မြန်မာ့ ရင်းနှီးမြုပ်နှံနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ဆန်ရှင် (စီးပွားရေး ပိတ်ဆို့ အရေးယူမှု) လုပ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ပြည်တွင်းနိုင်ငံခြား ငွေလဲနှုန်းများလှုပ်ခတ်ကာ တစ်ဒေါ်လာလျှင် ၃,၀၀၀ ကျပ် ကျော်ဖြင့် ယနေ့ ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ဈေးပိတ်သွားကြောင်း သိရသည်။
ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းတွင် ယနေ့ ဇွန်လ ၂၁ ရက်နေ့ အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၃,၀၅၀ ကျပ်မှ ၃,၁၀၀ ကျပ် ထိပေါက်ဈေးဖြစ်ပေါ်ပြီး ယမန်နေ့က ကျပ် ၂,၉၇၀ မှ ၂,၉၈၀ ကျပ်အတွင်းရှိရာ ကျပ် ၁၀၀ ကျော်မြင့် တက်သွားခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းက သိရသည်။
“အပြင်ဈေးကွက်မှာ သုံးထောင်ကျော် တစ်ဒေါ်လာကို ၃,၀၂၀ ကျပ်နဲ့ ၃,၀၆၅ ကျပ်ကြားအရောင်းအဝယ်လုပ်တယ်။ တချို့ငွေလဲကောင်တာတွေ ပိတ်ထားတယ်” ဟု နိုင်ငံခြားငွေလဲလှယ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ပြည်တွင်းအကယ်ဒီမီရွှေဈေးမှာမူ တစ်ကျပ်သားလျှင် သိန်း ၃,၁၃၀,၀၀၀ ကျပ်တွင်ရှိနေကာဈေးငြိမ် နေပြီး စင်ကာပူဒေါ်လာဈေး၊ ဘတ်ဈေးများလည်း အနည်းငယ် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။
ဇွန်လ ၂၁ ရက်နေ့တွင် စင်ကာပူဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၂၁၈၀ မှ ၂၁၈၅ ကျပ်အတွင်းရှိရာမှ ယနေ့တွင် ကျပ် ၂၂၀၀ မှ ၂၃၀၀ ကျပ်ငွေလဲနှုန်းထား အနည်းငယ် မြင့်တက်သွားကြောင်းသိရသည်။
ထိုင်းဘတ်ငွေဈေးသည်လည်း ဇွန်လ ၂၀ ရက်နေ့တွင် တစ်ဘတ်လျှင် ၈၄ ကျပ် မှ ၈၆ ကျပ်အတွင်းရှိရာ ယနေ့တွင် ၈၆ ကျပ်မှ ၈၇ ကျပ်ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံကို ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ (FATA) က အမည်ပျက်စာရင်းသွင်း လိုက်ချိန် တွင်လည်း နိုင်ငံခြားငွေလဲဈေးနှုန်းနှင့်အတူ ရွှေဈေးမြင့်တက်ခဲ့သည်။