စစ်ကောင်စီ၏ ဗိုလ်မှူးသုံးဦးအပါအဝင် တပ်သားနှင့်ရဲ ၄၅ဦး ပြီးခဲ့သည့် မေလအတွင်းက ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
၂၀၂၄ မေလအတွင်း အရာရှိအဆင့် ဗိုလ်မှူးသုံးဦး၊ ဗိုလ်ကြီး တစ်ဦး၊ ဗိုလ်တစ်ဦးနှင့် ဒုရဲအုပ် တစ်ဦး အပါအဝင် တပ်သားနှင့်ရဲ ၄၅ဦး အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလာကြောင်း NUG၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဇွန်လ ၁၁ ရက်) အသိပေးသည်။
အဆိုပါ ၄၅ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ခိုလှုံလာသူများလည်းရှိပြီး လက်နက်မျိုးစုံ ၂၄လက်နှင့်ခဲယမ်း မီးကျောက်များ ရရှိခဲ့သည်။
လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ကောင်စီလက်အောက်ခံ တပ်သားနှင့်ရဲ ၄၅ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ပကဖများ သို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများအပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်း အသိပေးထားသည်။