စစ်ကောင်စီ၏ မတ္တရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်မှူး သက်နိုင်စိုးအပါအဝင် စစ်ကောင်စီအရာရှိ သုံးဦးသည် မြို့အဝင်စစ်ဆေးရေးဂိတ်အနီး လက်ဘက်ရည်ဆိုင်၌ ထိုင်နေစဉ် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားသည်။
“သူတစ်ယောက်တည်းကိုပဲ ပစ်ခတ်ရှင်းလင်းသွားတယ်လို့ သိရတယ်။ ဗိုလ်မှူးသက်နိုင်စိုးက မတ္တရာမြို့နယ်သားပါ။ အခြားနေရာကနေ မတ္တရာမြို့နယ်ကို တာဝန်ကျတာလေးလပဲရှိသေးတယ်လို့ သိရတယ်။ သူရောက်လာပြီးနောက်ပိုင်းမှာ မတ္တရာမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးတာတွေစိပ်လာတယ်။ လက်နက်ကြီးပစ်ခတ်မှုတွေ စိပ်လာတယ်။ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေစိပ်လာတယ်။ နေအိမ်မီးရှို့ဖျက်ဆီးခံရတာလည်းများပြီ။ ပြည်သူသတ်ဖြတ်ခံရတာလည်း ၂၀ ဦးအထက်မှာပဲရှိနေတယ်။”ဟု မတ္တရာပကဖအဖွဲ့ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောသည်။
သေဆုံးသူ ဗိုလ်မှူး သက်နိုင်စိုးသည် DSA အပတ်စဉ်(၄၆)သင်တန်းဆင်းဖြစ်ကြောင်း သိရသည်။
၎င်းပစ်သတ်ခံရပြီးနောက် မတ္တရာမြို့အား ပိတ်ဆို့စစ်ဆေးခဲ့ပြီး ညနေ ၄နာရီဝန်းကျင်အထိ မြို့အဝင်၊ အထွက်ပိတ်ထားဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။
” ပြင်ဦးလွင်ကနေ ပြန်လာပြီး မြို့အဝင်လမ်းဆုံက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း အပစ်ခံရတာ။ ဆိုင်ထိုင်နေတဲ့သူအကုန်လုံးထွက်ပြေးရတယ်။ ဗိုလ်မှူး သက်နိုင်စိုးနဲ့ နောက်တစ်ယောက်သေတယ်။ တစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါပစ်ခတ်မှုသည် ယနေ့(ဧပြီလ ၂၄ရက်) နံနက် ၈နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဟု သတင်းရရှိသည်။ ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် ပြင်ဦးလွင် – မတ္တရာလမ်းပိုင်းရှိ မတ္တရာမြို့အဝင်မန်းကျီးသုံးပင်နေရာအနီးရှိ လက်ဖက်ရည်ဆိုင်၌ ဖြစ်သည်။
” ဗိုလ်မှူး သက်နိုင်စိုးက ဒုလ္လဘဝတ်ပြီး ပြန်လာတာ။ သူ့တပည့်တွေနဲ့။ အဖွဲ့(PDF)တွေက သတင်းအတိအကျရပြီး နောက်ကလိုက်ပြီးပစ်တာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် ပျူစောထီးအချို့ရောက်ရှိလာပြီး အလောင်းများသယ်ဆောင်သွားသည်ဟု သတင်းရရှိသည်။
ဗိုလ်မှူးသက်နိုင်စိုးသည် မတ္တားရာမြို့ဇာတိဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်အနေဖြင့် ပြောင်းရွှေ့လာသည်မှာ လေးလခန့်သာရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာကလည်း မတ္တရာမြို့စစ်သားစုဆောင်းရေးတပ်ဖွဲ့မှ ဗိုလ်မှူးအောင်နိုင်စိုးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။