စစ်ကောင်စီ၏ မန္တလေးမြို့တော်ဝန်မဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှုရှိကြောင်း မြို့ခံများက ပြောသည်။
ယနေ့ နံနက် ၁၀နာရီခန့်က မန္တလေးမြို့၊ မြို့တော်စည်ပင်ရုံး ဗဟိုမဏ္ဍပ်အနီး၊ ၇၁လမ်း၊၂၇လမ်းနှင့် ၂၈လမ်းကြားရှိ ဆိုင်ကယ်ရပ်နားရာနေရာ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး နှစ်ဦး၊ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စည်ပင်ရုံးနှင့်နီးစပ်သူများက ပြောသည်။
“ကျုံးတောင်ဘက် ဗဟိုမဏ္ဍပ်နားပေါက်တာ။ နှစ်ချက်ကြားလိုက်ရတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
ဧပြီ ၉ရက်ကလည်း မန္တလေးမြို့ရှိ စစ်ကောင်စီထောက်တိုင် မင်္ဂလာမန္တလေးမဏ္ဍပ်အနီး မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိပေ။
စစ်ကောင်စီတပ်သည် တိုင်းပြည်အေးချမ်းနေသယောင်ပြသရန် မန္တလေးမြို့တွင်လည်း သင်္ကြန်ပွဲတော်ပြုလုပ်နေပြီး ကျုံးဘေး၊ စျေးချို၊ ကမ်းနားလမ်းနှင့် မင်္ဂလာမန္တလေးတို့တွင် မဏ္ဍပ်များတည်ဆောက်ပေးထားသည်။