ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာ ရုံးများအားလုံးကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီရဟတ်ယာဉ်များက ပေါက်တောမြို့ပေါ်သို့ ပစ်ခတ်နေပြီး စစ်တပ်ရေယာဉ်များကလည်း ပေါက်တောမြို့အနီးတွင် ကမ်းကပ်ကာ အသင့်အနေအထားဖြင့် ရှိနေကြောင်း သိရှိရသည်။
“ရဟတ်ယာဉ် ၃ စီးနဲ့ ပေါက်တောမြို့ကို လှည့်ပတ်ပစ်နေတာ။ အပေါ်ကနေ စက်သေနတ်တွေရော ဗုံးတွေနဲ့ရော ပစ်ခတ်ကျဲချနေတာ။ တစ်မြို့လုံးပြေးကြပြီ။ အသက်ကြီးတဲ့သူတွေနဲ့ မပြေးနိုင်တဲ့ ကျန်းမာရေး မကောင်းတဲ့သူတွေပဲ မြို့ထဲ ကျန်ခဲ့တယ်။ စစ်ရေယာဉ်တွေလည်း ရောက်နေပြီပြောတယ်” ဟု ပေါက်တောဒေသခံတစ်ဦး က ပြောဆိုသည်။
ယခုသတင်းရေးသားဖော်ပြနေချိန်အထိ ပေါက်တောမြို့ကို ရဟတ်ယာဉ်များ၊ စစ်ရေယာဉ်များက လက်နက်ကြီးများတောက်လျှောက်ဆိုသလို ပစ်ခတ်နေကြောင်း၊ ပြည်သူများပိုင်ဆိုင်သော နေအိမ် တိုက်တာများ ပျက်စီးမှုများရှိနေပြီး အပြင်ထွက်၍ မရသဖြင့် အပျက်အစီး အခြေအနေ မသိရှိရသေးဟု ဒေသပြည်သူများက ပြောဆိုကြသည်။