မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ရိက္ခါကားများအတွက် လမ်းလုံခြုံရေးလိုက်ပါလာသော စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း မြိုင်ပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ဇွန်လ ၁၇ ရက် နံနက် ၉ နာရီခန့်က ကမ္မမြို့မှ မြိုင်မြို့နယ်၊ တွင်းမပျူရွာသို့ ထွက်ခွာလာသော စစ်ကောင်စီ၏ ရိက္ခါတင် စစ်ကား ၉စီးအတွက် လမ်းလုံခြုံရေး ခြေလျင်လိုက်လာသော စစ်သား၊ ရဲနှင့် ပျူများအား လမ်းတလျှောက်လိုက်၍ ဒရုန်းဖြင့် ဗုံးသီးအလုံး ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် ၂ ဦး သေဆုံးပြီး ၁၁ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း မြိုင်ပကဖအဖွဲ့က အသိပေးသည်။
“စစ်ကားတွေကတော့ နောက်မှာ။သူတို့ကတော့လမ်းဘယ်ညာဝဲယာပုံစံမျိုး လိုက်လာတာ။ မိုင်းရှင်းရင်း။ အဲကောင်တွေကို ဒရုန်းလိုက်ကြဲတာ။ သေတဲ့နှစ်ကောင်ကို ထမ်းခေါ်သွားတယ်။ ပွေ့ခေါ်သွားတယ်။”ဟု မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ထိုစစ်ဆင်ရေးကို မြိုင်ပကဖ၊ Black Cobra (ကမ္မတပ်ပေါင်းစု)၊ DMG (ဓားမင်းကြီး)၊ PKU Thurain၊ Young Force UG၊ အညာမြေပြောက်ကျားတပ်ဖွဲ့၊ Kamma Defense Force (KMDF)၊ Kamma Underground (ကမ္မတပ်ပေါင်းစု)၊ Pakokku People Defense Force (PPDF)၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Phoenix People’s Denfese Force (ဂဠုန်တပ်ခွဲ-၂) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြိုင်ပကဖအဖွဲ့နှင့် မဟာမိတ်အဖွဲ့များသည် ဇွန်လ ၁၅ ရက် နံနက်ပိုင်းကလည်း မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းမှထွက်လာသော စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး MA1 နှစ်လက် သိမ်းဆည်းနိုင်ခဲ့သေးသည်။