စစ်ကောင်စီ၏ အနှစ်သာရ မရှိတော့သည့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) (၈)နှစ်ပြည့် အထိမ်းအမှတ်နေ့ကို လုံး၀ အသိအမှတ်မပြုသကဲ့သို့ ဖိနှိပ်ခံပြည်သူတစ်ရပ်လုံးနှင့် တသားတည်း ရပ်တည်ကာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးအတွက် တော်လှန်သော အင်အားစုများနှင့် လက်တွဲကာ နည်းလမ်းပေါင်းစုံဖြင့် တော်လှန်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ယနေ့ ထုတ်ပြန်သည်။
ကချင်ပြည်နယ် လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုအား ALPက ကြေညာချက် ထုတ်ပြန်ရာ၌ ယခု အောက်တိုဘာ ၁၅ရက်၌ ကျရောက်မည့် NCA (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့်ပတ်သက်သည့် သဘောထားကို ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၉ရက်ညပိုင်းက စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် မုန်လိုင်ခတ်စစ်ရှောင် စခန်းမှ ပြည်သူ ၃၀နီးပါးသေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း ALPက ထုတ်ပြန်သည်။
ထိခိုက်ကျဆုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုဝင်များ၊ ကချင်ပြည်သူများနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရကြောင်း ALPက ဖော်ပြခဲ့သည်။
စစ်ကောင်စီသည် မုန်လိုင်ခက်ဖြစ်စဉ်ကဲ့သို့ နိုင်ငံအနှံ့တင် ကလေးသူငယ်များ အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူလူထုတစ်ရပ်လုံးကို တရားမဲ့ တိုက်ခိုက်သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း အနှစ်သာရမရှိတော့သည့် NCA ၈နှစ်ပြည့် အထိမ်းအမှတ်နေ့ကို ပြုလုပ်ရန် ပြင်ဆင်လျက်ရှိကာ ပြည်တွင်းအင်အားစုများကို သပ်လျှိုသွေးခွဲနေပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူရန် ကြိုးပမ်းနေကြောင်း ALP ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာ အနေဖြင့်လည်း စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် အမြန်ဆုံးထိရောက်စာ အရေးယူပေးကြရန် နှင့် အသိအမှတ်ပြု ဆက်ဆံမှုများ မပြုလုပ်ရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ALPသည် NCA လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် တစ်ဖွဲဖြစ်သည်။ စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ALPတွင် သဘောထားကွဲလွဲမှုများဖြစ်ကာ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် ယခင်ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းအဖွဲ့၊ စစ်ကောင်စီကို လက်မခံသည့် လက်ရှိ ဥက္ကဋ္ဌ ခိုင်ရဲခိုင် ဦးဆောင်သည့် အဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲသွားခြင်းဖြစ်သည်။ ALP မှ ခွဲထွက်သွားသော စောမြရာဇာလင်း အနေဖြင့် စစ်ကောင်စီနှင့် တွေ့ ဆုံဆွေးနွေးမှုများသည်လည်း ALP နှင့် လုံး၀ သက်ဆိုင်ခြင်းမရှိကြောင်း ကြေညာထားသည်။