ကရင်နီ(ကယား)ပြည်နယ် တိုက်ပွဲ အတွင်း စစ် ကောင်စီတပ်၏ ၁၂၀ မမ လက်နက်ကြီး ကျည်ဂိုဒေါင်အား သိမ်းပိုက်ရရှိခဲ့သည့် ရုပ်သံမှတ်တမ်းကို ကရင်နီ တပ် မတော် (KA) တပ်ရင်း( ၅ )က ဇူလိုင် ၃၀ ရက်တွင်ထုတ်ပြန်သည်။
“သိမ်းမိထားတဲ့ လက်နက်တွေထဲမှာ တန်ဖိုးအရှိဆုံး စကစ တွေ အကြောက်ဆုံး ထဲက တစ်ခု။ ဘယ်တိုင်းရင်းသားလက်နက်ကိုင်မှ သိမ်းမရဖုးသေးတဲ့ လက်နက် ကျည်ဆံ။ 120 မမ ကျည် တွေ ဖြစ်ပါတယ်”ဟု KA တပ်ရင်း ၅ က ပြောသည်။
KA တပ်ရင်း ၅ ၏ ထုတ်ပြန်ချက်အရ သိမ်းဆည်းရရှိခဲ့သော စစ်ကောင်စီတပ်၏ စခန်းတည်နေရာကို မဖော်ပြထားပေ။
သို့သော် အဆိုပါရုပ်သံမှတ်တမ်းအရ မယ်စဲ့ မြို့သိမ်း တိုက်ပွဲမှ ရရှိခဲ့သော ၁၂၀ မမ နှစ်လက်နှင့်အတူ ၎င်း၏ ကျည်ဆံဂိုဒေါင်ဖြစ်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“အဲဒီဘက်မှာ KA တပ်ရင်း( ၅ )က အဓိက လှုပ်ရှားစစ်ကြောင်း ပဲလေ။အခု ဗီဒီယို ဖိုင်မှာပါတာ။အဲဒီနေရာက ဆိုတာ သေချာသလောက်ရှိတယ်”ဟု ၎င်းကရှင်းပြသည်။
ယခုအခါမယ်စဲ့၊ဖားဆောင်းနှင့်ရွာသစ်မြို့ တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာ တပ်ဖွဲ့များက အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေ။
“အလုပ်လုပ်နေကြဆဲပေါ့။ကျွန်တော်တို့ မျှော်မှန်းချက် တွေကို ရအောင်လုပ်နေသလို ရရှိပြီးသားတွေကို ဆက်ထိန်းနေတယ်။ဆက်တိုက်နေတယ်။အခုဖားဆောင်း၊မယ်စဲ့ တိုက်ပွဲတွေမှာ တပ်ပေါင်းစု အသွင်သွားနေတယ်။ဒါကြောင့် အလုံးစုံပြီး မှ ပဲ ပြည် သူလူထုကို ချပြချင်ပါတယ်”ဟု ကရင်နီအမျိူးသားများ ကာကွယ် ရေးတပ် KNDF မှ တာဝန်ရှိသူက ပြောသည်။
ဇွန်လ ဒုတိယပတ်က မယ်စဲ့မြို့တယ်ကို ကရင်နီပူးပေါင်းတပ်က ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီက ရှမိးပြည်အခြေ စိုက်တပ်ရင်း ၁၀ ခု ထက်မနည်း ကရင်နီ သို့ အင်အားဖြည့်တင်းထားသည်။
ထို့အတူဖားဆောင်း နှင့်ရွာသစ်တို့တွင်လည်း တပ်မ ၄၄၊ ၅၅ နှင့် ၆၆ တပ်ရင်း ခြောက်ခုထက်မနည်းဖြင့် ထိုးစစ်ဆင်နေသည်ဟု ကရင်နီတော်လှန်ရေးတပ်ဖွဲ့များကပြောသည်။