အာဏာသိမ်းစစ်ခေါင်းဆောင်တတ်ရောက်သော မြန်မာအမျိုးသားလေကြောင်း နှစ်ပတ်လည်အခမ်းအနားတွင် ဖျော်ဖြေပေးခဲ့သည့် အနုပညာရှင်များကို Boycott -(သပိတ်မှောက်) လုပ်ရန်ပြည်သူများက တိုက်တွန်းနေကြသည်။
ယင်းအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်က Melia ဟိုတယ်၌ ပြုလုပ်ခြင်းဖြစ်ပြီး အောင်ထက် ၊ ဟေမာနေဝင်း နှင့် အက်စတာဒေါ့ချင်းဆုန်တို့ကဖျော်ဖြေရေးအစီအစဉ်၌ ပါဝင်ခဲ့သည်။
အောင်ထက် နှင့် ဟေမာနေဝင်းက လေယာဉ်ခရီးစဉ်အမှတ် ယူဘီ ၄၀၃ သီချင်းကိုတွဲဖက်သီဆိုခဲ့ပြီး တစ်ဦးချင်းသီချင်းများလည်းဖျော်ဖြေခဲ့သည်။
ဟေမာနေဝင်းသည် ရဲဘော်သုံးကျိတ် မျိုးဆက်အနေဖြင့် ယင်းပွဲမျိုးကို မပါဝင်သင့်ကြောင်း နှင့် ယင်းအနုပညာရှင်နှစ်ဦးကို Boycott ပြုလုပ်ရန် တိုက်တွန်းထားသည်။
“ဟေမာနေဝင်း ဟိုရက်က တစ်ကိုယ်တော်ပွဲလုပ်တာပဲ။ သူတို့အနေအထားနဲ့ အဲဒီလိုပွဲဆိုတာတောင်လွန်နေပြီ။ အခုဟာက သူ့အဘိုးကို အားမနာဘူးလားမသိ ” ဟု အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
ထို့အတူ ချင်းတိုင်းရင်းသူ အက်စတာဒေါ့ချင်းဆုန်က မြန်မာအမျိုးသားလေကြောင်း၏ နှစ်ပတ်လည်သီချင်းကိုသီဆိုပေးသည့်အပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှူကို နေ့စဉ်ကြုံနေရသည့် ချင်းတိုင်းရင်းသားများကို အားနာသင့်ကြောင်း မှတ်ချက်များရေးသား၍ Boycott ပြုလုပ်ရန်တိုက်တွန်းထားသည်။
Chin Music Video -ချင်းဂီတဗီဒီယိုများ ပေ့ခ်ျတွင် အက်စတာဒေါ့ချင်းဆုန်၏ သီချင်းများကို တင်တော့မည်မဟုတ်ကြောင်း ကြေညာထားသည်။
“ပြာကျသွားတဲ့ တို့ရဲ့ ထန်တလန်ကို အားနာပါဘူး” ဟု ချင်းအမျိုးသားတစ်ဦးက ယင်းပို့စ်အောက်၌ မှတ်ချက်ရေးသားထားသည်။ထန်တလန်မြို့မှာ စစ်ကောင်စီက ပထမဆုံးမီးရှို့ဖျက်ဆီးခဲ့သောမြို့ဖြစ်သည်။
အနုပညာရှင်များအနေဖြင့် ဝမ်းရေးအတွက် ပွဲများသီဆိုနေသည်ကို မဝေဖန်လိုသော်လည်း စစ်ကောင်စီ နှင့်ပတ်သက်သည့်ပွဲများကို ရှောင်သင့်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့မှရဲဘော်တစ်ဦးကပြောသည်။