ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း(၅၉၈)ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဇလုပ်ကြီးကျေးရွာ အခြေစိုက် ခမရ(၅၉၈)ကို ယမန်နေ့(နိုဝင်ဘာ ၂၄ရက်) နံနက် ၇နာရီတွင် ကို KNLA နှင့် PDF ပူးပေါင်းတပ်က ရှော့တိုက်ဒုံး လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု အမှတ် (၂) စစ်ဒေသခွဲ(ပဲခူးတိုင်း)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ခိုက်ခဲ့တာ မှန်တယ်။ ရလဒ်ကို သတင်းတော့ မပို့သေးဘူး”ဟု အမှတ် (၂) စစ်ဒေသခွဲ(ပဲခူးတိုင်း)တာဝန်ရှိသူက ပြောသည်။
ရှော့တိုက်ဒုံးလေးလုံးအနက် နှစ်လုံးမှာ စစ်တပ်ဝင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ လက်နက်ကြီး ပစ်စင်အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ တစ်လုံးသည် တပ်ဝင်းအပြင်ဘက်သို့ ကျရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့(နိုဝင်ဘာ ၂၅ရက်) မွန်းလွဲ ၁နာရီခန့်မှ စ၍၂နာရီ ၅မိနစ်အထိ ပဲခူးတိုင်း ၊ တောင်ငူမြို့ရှိ
တောင်ပိုင်းစစ်ဌာနချုပ်ဝင်းအတွင်းမှ လက်နက်ငယ် ပစ်သံကြားနေရကြောင်း သတင်းရရှိသည်။
ထိုဖြစ်စဉ်ကို အသေးစိတ်စိစစ်နေဆဲဟု အမှတ် (၂) စစ်ဒေသခွဲ(ပဲခူးတိုင်း)က ဆိုသည်။