ပဲခူးတိုင်း၊တောင်ငူမြို့နယ်မှာ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ဆိပ်ဖူးတောင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အတွက် (၁၅) ဦးသေဆုံးခဲ့တယ်လို့ ပဲခူး- PDF က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၉) ရက်နေ့ မနက်အစောပိုင်းက တောင်ငူမြို့အမြန်လမ်း(၁၆၂)မိုင်မှာ စစ်ကောင်စီအင်အား(၂၀) နဲ့ အထိုင်ချတပ်စွဲထားတဲ့ ဆိိတ်ဖူးတောင်စခန်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲမှာ မိနစ်(၃၀) နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးသေဆုံးခဲ့တယ်လို့ ပဲခူး PDF ကဆိုထားပြီး သေဆုံးသူတွေရဲ့ ရာထူးအဆင့်ကိုတော့ စီစစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်က (၂) ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီအထိုင်စခန်းကို တောင်ငူခရိုင်တပ်ရင်း-၃၅၀၁၊အနောက်ရိုးမမှ ထုတ်နှုတ်အင်အား (၁၆) ဦးနဲ့ နယ်မြေခံ ကျေးရွာကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က စခန်းသိမ်းနိုင်ဖို့ စီစဉ်ထားပေမယ့် ခဲယမ်း၊ကျည် မလုံ လောက်တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီအထိုင်ချ စခန်းတိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ထားတာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို သံလွင်တိုင်းမ် အနေနဲ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိခဲ့ပါဘူး။