စစ်တပ် အာဏာမသိမ်းခင် ကတည်းက ထုတ်ဝေဖို့ ရည်ရွယ်ထားတဲ့ မင်းကိုနိုင် ရဲ့ “ကော်လာရှည်ရှည် ကေလန်လန်” ကဗျာရှည် စာအုပ်ကို နယ်စပ်မှာ စတင် ရောင်းချနေပြီလို့ စုံစမ်းသိရပါတယ်။
“ကော်လာရှည်ရှည် ကေလန်လန်” စာအုပ်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ထုတ်ဝေဖို့ ရည်ရွယ်ခဲ့ပေမဲ့ ကိုမင်းကိုနိုင်က စစ်တပ် အာဏာသိမ်းမဲ့ အရိပ်အယောင်တွေ တွေ့လာရတာကြောင့် ထုတ်ဝေဖို့ ခေတ္တ ရပ်ဆိုင်းထားခဲ့ကာ စာအုပ်တွေကို လူသူ မသိတဲ့ ဂိုထောင် တစ်ခုထဲမှာ သိမ်းဆည်းထားခဲ့ရတယ်လို့ စာအုပ်ထုတ်ဝေတဲ့ ရန်ကုန်လမ်းမများ စာအုပ်တိုက် ပိုင်ရှင် အနုပညာရှင် ကိုဝေမှူးသွင် ကပြောပါတယ်။
ကိုမင်းကိုနိုင်ရဲ့ ကျောင်းသားခေါင်းဆောင် ဘဝ၊ စစ်တပ်ပါတီ မဆလ ရဲ့ကျဆုံးခန်း၊ ကဗျာဆရာ အောင်ချိမ့်၊ တွံ့တေးသိန်းတန်၊ ရုပ်ရှင်မင်းသားကြီး မြတ်လေး၊ ဘီအီးဒီ အောင်သိုက် စတဲ့ ပုဂ္ဂိုလ်တွေ အကြောင်း ကဗျာရှည်ကြီး တစ်ပုဒ် အဖြစ် ရေးသားထားတဲ့ စာအုပ် ဖြစ်တယ်လို့ ကိုဝေမှူးသွင်က ဆိုပါတယ်။
စာအုပ်တွေကို ထိုင်းနိုင်ငံ အတွင်းသို့ ခက်ခက်ခဲခဲ သယ်ဆောင်ခဲ့ရပြီး လက်ရှိမှာတော့ စာအုပ် တန်ဖိုးကို ထိုင်းဘတ်ငွေ ၃၅၀ နဲ့ ထိုင်း-မြန်မာ နယ်စပ်အပြင် အခြား နိုင်ငံတွေမှာ ရောင်းချသွားမယ်လို့ ထုတ်ဝေသူက ပြောပါတယ်။