NLD အစိုးရလက်ထက် စီးပွားရေးအတိုင်ပင်ခံအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲလုပ်ဆောင်ခဲ့တဲ့ ဩစတြေးလျ စီးပွားရေးပါမောက္ခ မစ္စတာရှောင်တန်နယ်က သူတို့နိုင်ငံဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံဖြစ်ပေမယ့် မြန်မာ အာဏာသိမ်းစစ်ကောင်စီအပေါ် လက်တွေ့ကျတဲ့ပိတ်ဆို့အရေးယူမှုတွေမှာ တွန့်ဆုတ် နှုတ်ဆိတ်နေခဲ့တဲ့အတွက် စစ်ကောင်စီထောက်တိုင် အစိုးရပိုင်ဘဏ်တွေကို ပိတ်ဆို့အရေးယူဖို့ ဖိအားပေးတိုက်တွန်းပြောကြားသွားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၆၅၀ ကြာ ထောင်ချခံခဲ့ရပြီး မနှစ်ကမှ လွတ်ငြိမ်းခွင့်ပေးခံခဲ့ရပေမယ့် ရှောင်တန်နယ်ဟာ ကတိဖောက်ဖျက်လို့ သူတို့မကောင်းသတင်းတွေဖြန့်နေတဲ့အတွက် လွတ်ငြိမ်းခွင့်ပြန်ရုပ်သိမ်းမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။
ဩစတြေးလျဟာ ဒီရက်ပိုင်းထဲ အီရန်နိုင်ငံဟာ အမျိုးသမီးနဲ့မိန်းကလေးတွေအပေါ် ဖိနှိပ်မှုအကြောင်းပြချက်နဲ့ ပိတ်ဆို့အရေးယူမှုတွေကို လုပ်ခဲ့ပေမယ့် မြန်မာနိုင်ငံအခြေအနေမှာ စိတ်မသက်မသာဖြစ်ရပါတယ်၊ ရှုတ်ချပါတယ် ဆိုတဲ့ ထုတ်ပြန်ချက်တွေလောက်ပဲ လှိုင်လှိုင်ထုတ်ပြီး လက်တွေ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်နေတဲ့အတွက် Australian Broadcasting Corp နဲ့ အင်တာဗျူးမှာ အခုလို ဖိအားပေးတိုက်တွန်းသွားတာဖြစ်ပါတယ်။
“မြန်မာ့အရေး သူတို့ သိတယ်။ ဒါပေမဲ့ စစ်ကောင်စီအပေါ် အရေးယူမှုတွေကျတော့ မရှိသေးဘူး။ မြန်မာ ပြည်သူတွေအတွက် ကိုယ့်နိုင်ငံဘက်က ကူညီလို့ရနိုင်တာတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘဏ်လုပ်ငန်း အခွင့်အရေးအဖြစ် စစ်ကောင်စီ မဖြစ်မနေလိုအပ်နေတဲ့ နိုင်ငံခြားဝင်ငွေတွေကို တားဆီးဖို့ မဟာမိတ် အမေရိကန် က စစ်အစိုးရပိုင် နိုင်ငံခြားဝင်ငွေရ ဘဏ်တွေကို ပိတ်ပင်သလို လိုက်လုပ်သင့်တယ်” လို့ ရှောင်တန်နယ်က တိုက်တွန်းသွားတာဖြစ်ပါတယ်။
ဩစတြေးလျ အစိုးရကတော့ ရှောင်တန်နယ်တိုက်တွန်းမှုနဲ့ပတ်သက်လို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည် မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။ အီရန်ကို ပိတ်ဆို့အရေးယူမှုမှာတောင် ဩစတြေးလျအစိုးရဟာ မပြတ်မသားနဲ့ ပစ်မှတ်ထားအီရန်အာဏာပိုင်တွေကို ဩစတြေးလျကို လာရောက်ခွင့်ပိတ်ပင်တာလောက်သာ ချမှတ်ခဲ့တာဖြစ်ပါတယ်။