ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ရှေ့တန်း တစ်နေရာမှာ စစ်ကောင်စီရဲ့ မြေမြုပ်မိုင်းကြောင့် ကရင်နီတပ်ပေါင်းစု-KRU ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ အဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဧပြီလ ၁၀ ရက်နေ့မှာ မိုင်းထိမှန်လို့ ပြင်းထန် ဒဏ်ရာရခဲ့ပြီးနောက် ဆေးကုသမှု ခံယူနေစဉ် ဧပြီလ ၁၁ ရက်နေ့ မနက် ၆ နာရီအချိန်မှာ ကျဆုံးခဲ့တာပါ။
KRU ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “စစ်ကောင်စီက သူတို့ အရင်တုန်းက သုံးနေတဲ့ မိုင်းတွေထက်စာရင် အခုနောက်ပိုင်းမှာ ထောင်လာတဲ့ မိုင်းတွေက ကျနော်တို့ သုံးသပ်မိသလောက်ဆိုရင် စွန့်လွှတ်မိုင်းတွေ ဖြစ်လာတာပေါ့နော်။ စွန့်လွှတ်မိုင်း ဆိုတာက ဒီတိုက်ပွဲတွေ ပြီးသွားရင်တောင်မှ ကျန်ခဲ့တဲ့ မိုင်းတွေပေါ့။ ကျနော်တို့ဘက်မှာ စစ်မျက်နှာ လှုပ်ရှားနေမယ့် ရဲဘော်ရဲဘက်တွေ အကုန်လုံး ဒီမိုင်းကိုတော့ သတိထားပြီး လှုပ်ရှားစေချင်တယ်။ ရှေ့မှာလည်း နမူနာတွေ အများကြီး ကြုံခဲ့ပြီးပြီပေါ့။ မဟာမိတ် ရဲဘော်တွေလည်း ခြေထောက်တွေ၊ အသက်တွေ ဆုံးရှုံးတာတွေ အများကြီးရှိခဲ့ပြီ။ အခု ကျနော်တို့ ရဲဘော်လည်း အဲဒီမိုင်းနဲ့ပဲ ကျဆုံးရတာပေါ့နော်” လို့ပြောပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်ဟာ အသက် ၁၈ နှစ်အရွယ် အဲလ်ဖရက်(ခ)နိုဘယ် ဖြစ်ပြီး ဒုတပ်စိတ်မှူး ဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလ KRU စတင်ဖွဲ့စည်းတဲ့ အချိန်ကတည်းက ပါဝင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
သူမိုင်းနင်းမိစဉ်က နောက်ထပ် ရဲဘော် ၄ ဦး မစိုးရိမ် ဒဏ်ရာတွေ ရရှိခဲ့ပြီး လက်ရှိ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်ကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကောင်စီတပ်တွေဟာ စွန့်လွှတ်မိုင်းတွေ အသုံးပြု လာတာကြောင့် အဲဒီမိုင်းတွေကို နေ့တိုင်းနီးပါး တူးဖော်နေရပြီး ရဲဘော်တွေ မကြာခဏ ဆိုသလို ထိခိုက်မှုတွေ ရှိတယ်လို့ KRU ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ရှင်းပြပါတယ်။
“ကိုယ့်ရဲ့ စစ်ရေး လှုပ်ရှားတဲ့ နယ်မြေတွေမှာ နေ့စဉ်နဲ့အမျှ မိုင်းရှင်းလင်းရေးတွေ ကျနော်တို့ လုပ်တယ်။ အဲလိုတွေ လုပ်နေလို့လည်း ဒီလို မကြာခဏ မိုင်းထိတာတွေ ရှိတာပေါ့။ အခုဆိုရင် ထိခိုက်မှု များလာလို့ Medical Team(ဆေးအဖွဲ့)ကိုလည်း ပိုပြီး ကျစ်လစ်တောင့်တင်းအောင် ပြန်လည် ဖွဲ့စည်းလိုက်ပြီပေါ့။ တိုက်ပွဲက ပိုပြင်းထန်လာလေလေ လက်နက်၊ ခဲယမ်း၊ ရိက္ခာ၊ ဆေး အဓိက မရှိမဖြစ် ဒီ ၄ ခုကလည်း ကြိုတင် စုဆောင်းထားရမှာပေါ့” လို့ သူက ပြောပါတယ်။
KRU တပ်ပေါင်းစုဟာ ကွန်မန်ဒို၊ KDF-ကရင်နီ ဒီမိုကရက်တစ် တပ်ဦး၊ Fight For Justice-JPDF၊ GZ-21-PDF- Loi Kaw၊ Southern Shan Local Revolution Union-SSLRU၊ Federal Democracy Brotherhood Force- FDBF၊ Medic Unit- Demoso-ဆေးတပ်ဖွဲ့ စတဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားပြီး ဒီးမော့ဆိုမြိုနယ်၊ ကုန်းသာကျေးရွာ တစ်လျှောက် နယ်မြေစိုးမိုးထားပြီး စစ်ရေးလှုပ်ရှားနေတဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။