စစ်ကောင်စီလေတပ်ရဲ့ လေ့ကျင့်ရေးရဟတ်ယာဉ် တစ်စီး ဒီနေ့ ဇွန်လ ၁၅ ရက်မနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ်ထဲမှာ ပျက်ကျပြီးလို့ ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသား သေဆုံးသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
“သေတာ ရဟတ်ယာဥ်မှူး နဲ့သင်တန်းသားဗိုလ်လို့ပြောတယ်။နေပြည်တော် စစ်ဆေးရုံကို နေ့လည်ပိုင်းက အလောင်းတွေသယ်သွားတယ်။ဘယ်သူမှ အနားကပ်လို့မရခဲ့ဘူး”ဟု လယ်ဝေးမြို့ခံတစ်ဦးက ပြော သည်။
ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသား တို့လိုက်ပါလာတဲ့ လေ့ကျင့်ရေးရဟတ်ယာဉ်ဟာ နေပြည်တော်ကနေ မိထ္ထီလာကို လေ့ကျင့်ပျံသန်းနေချိန် နေပြည်တော် ၊လယ်ဝေးမြို့နယ် ထဲက လယ်ဒါကြီးရွာရဲ့ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာမှာ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ စစ်ကောင်စီက ဆိုထားပါတယ်။
အဲဒီရဟတ်ယာဉ် ပျက်ကျမှုမှာ ရဟတ်ယာဉ်မှူးရောသင်တန်းသားပါ သေဆုံးပြီး အလောင်းတွေကို စစ်ဆေးရုံဆီ ပို့ဆောင်မယ်လို့ စစ်ကောင်စီသတင်းမှာဖော်ပြထားပါတယ်။
” မြေပြင်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့သည်” လို့ စစ်ကောင်စီရုပ်သံကလည်းထုတ်ပြန်ပါတယ်။ အဆိုပါအသုံးအနှုန်းကို ရယ်စရာကောင်းသည်ဟု ပြည်သူတွေကမှတ်ချက်ပြုနေကြတာလည်းတွ့ရပါတယ်။
“(စစ်ကောင်စီရဟတ်ယာဥ်)ပျက်ကျတယ်ဆိုတာတော့ ကြားမိတယ်ဗျ။ PDF တွေကတော့ ပစ်မချနိုင်သေးပါဘူး။ ကြိုးစားရမှာပေါ့”ဟု နေပြည်တော်အခြေစိုက်တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။
စစ်တပ်ရဟတ်ယာဥ်ပျက်ကျခဲ့ပြီးနောက် အဆိုပါနေရာကို သွားတဲ့လမ်းကို စစ်ကောင်စီတပ်ကပိတ်ထားတယ်လို့လယ်ဝေးဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်ကလည်း စစ်ကောင်စီရဲ့ Nanchang A-5C Fantan တိုက်လေယာဉ်တစ်စီး စစ်ကိုင်းမြို့နယ် ၊ရေမျက်ကြီးအင်းထဲပျက်ပြီး တိုက်လေယာဉ်မှူးသေဆုံးထားပါသေးတယ်။
ဒါအပြင် ၂၀၂၂ ခုနှစ် မတ်လအတွင်းကလည်း စစ်ကောင်စီ၏ စစ်ဘက်သုံးရဟတ်ယာဥ်တစ်စင်းဟာဟားခါးမြို့မှာ ပျက်ကျခဲ့တဲ့အတွက် စစ်ဘက်နဲ့အရပ်ဘက်မှ NON-CDM ဝန်ထမ်းငါးဦး ထိခိုက်ဒဏ်ရာတွေရရှိပြီးတော့ ရဟတ်ယာဥ်ပျက်စီးခဲ့ပါတယ်။
ဒါကြောင့်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတိုက်လေယာဥ်၊သယ်ယူပို့ဆောင်ရေးလေယာဥ်နဲ့ ရဟတ်ယာဥ် ပျက်ကျမှုမှာ ယခုအကြိမ်အပါအဝင် သုံးကြိမ် ရှိပြီဖြစ်ပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ သေဆုံး၊ဒဏ်ရာရမှုတွေများပြီးအထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝန်းလေ ကြောင်းတိုက်ခိုက်မှုလစဥ် ရာနှင့်ချီ အသုံးပြုနေတာဖြစ်ပါတယ်။