စစ်ကိုင်းတိုင်း၊ ကလေးဝ-မဟာမြိုင်ကားလမ်းမကြီးပေါ်ရှိ ကလေးဝမြို့အနီးတွင် လုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း ကလေးခရိုင်၊ အမှတ်(၉)တပ်ရင်းက သတင်းထုတ်ပြန်သည်။
အဆိုပါ လမ်းပိုင်းသည် စစ်ကိုင်း-ရွှေဘို-ရေဦး-တန့်ဆည်-ကလေးဝကို ဆက်သွယ်ထားသည့် လမ်းမကြီးဖြစ်ပြီး ကလေးမြို့ကို ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းမကြီးလည်းဖြစ်သည်။
“လမ်းမကြီးပေါ်မှာရှိတဲ့ ကျနော်တို့မြို့နယ်တွင်း(ကလေးဝ)က အောင်ချမ်းသာနယ်မြေစခန်းကို ကျနော်တို့ ဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။ အဲဒီအတွက် စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း မပို့ဆောင်နိုင်အောင်လို့ပါ”ဟု ကလေးခရိုင်တပ်ရင်း(၉)မှ တာဝန်ရှိသူက ပြောသည်။
လမ်းပိုင်းအား လုံခြုံရေးဆောင်ရွက် စစ်ဆေးမှုများကို နေ့စဥ်ရက်ဆက်ပြုလုပ်နေပြီး စစ်ကောင်စီတပ်က နည်းမျိုးစုံဖြင့် လက်နက်ခဲယမ်းနှင့်ရိက္ခာများ ပေးပို့နေခြင်းကြောင့် စစ်ဆေးရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်က အရပ်သားကားများဖြင့် စာပေးစာယူလည်း ပြုလုပ်နေသည်ဟုလည်း ၎င်းက ပြောသည်။
ကလေးခရိုင်၊ အမှတ်(၉)တပ်ရင်းသည် ကလေးဝ PDF ဖြစ်သည်။
ကလေးဝဒေသတွင် လတ်တလော၌ စစ်ရေးအခြေအနေငြိမ်သက်နေပြီး ကလေးဝPDFမှ ရဲဘော်များသည် ဒေသချင်း ထိစပ်နေသည့် မြို့နယ်များမှတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၌ လတ်တလောတွင် ဟုမ္မလင်း၊ ရွှေပြည်အေး၊ တမူးမြို့နယ်တို့၌ စစ်ရေး တင်းမာနေကြောင်း သတင်းရရှိသည်။