တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တပ်မဟာ (၁) စစ်ဒေသ၊ မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့မ ပြည်သူ့စစ်က ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားပြီး တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ TNLA က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြို့မပြည်သူ့စစ်က ဖမ်းဆီးသွားတဲ့ ကျန်ဒေသခံ ၃ ဦးကိုတော့ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ အမှိုက်ပုံမှာ စွန့်ပစ်ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြို့မ ပြည်သူ့စစ်က ဖမ်းဆီးသွားတဲ့ ဒေသခံတွေကတော့ နမ့်ကတ်အုပ်စု၊ မိုင်းဆက်ရွာ ဒေသခံ ဦးအိုက်မြင့် ၃၆ နှစ်၊ မန်ကန်ဒေသခံ လုမ်မြတ်အောင် ၂၂ နှစ်၊ ရီအောင်ဝင်း ၂၄ နှစ်နဲ့ အိုက်မောင်ဦး ၁၇ နှစ်တို့ ဖြစ်ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ ၄ ဦးရဲ့ မျက်နှာကို အဝတ်နဲ့ စွပ်ထားပြီး အစာမကျွေးဘဲ ၂ ရက်တိုင်တိုင် ရိုက်နှက် ထိုးကြိတ်ခဲ့တဲ့ အတွက် မန်ကန်ရွာခံ ရီအောင်ဝင်း အသက် ၂၄ နှစ်ဟာ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားပါတယ်။
သေဆုံးသူရဲ့ အလောင်းကို မြို့မပြည်သူ့စစ်တွေ ဘယ်လို လုပ်လိုက်လဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ TNLA က ပြောပါတယ်။
ကျန်တဲ့ ၃ ဦးကိုတော့ စစ်ကောင်စီ လက်အောက်ခံ မြို့မပြည်သူ့စစ်က မျက်နှာကို အဝတ်နဲ့စည်းပြီး မန်မိုင်ရွာ အနီးရှိ အမှိုက်ပုံမှာ ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဒေသခံတွေကို TNLA တပ်သားတွေလို့ စွပ်စွဲပြီး ဆိုင်းခေါင်ရွာမှာ မြို့မပြည်သူစစ်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်မှာလည်း တိုက်ပွဲ မဖြစ်ဘဲ စစ်ကောင်စီတပ်က ဆိုင်းခေါင်ကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား တစ်ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာသာမက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နေရာတွေမှာပါ ဒေသခံ ပြည်သူလူထုကို အတင်းအဓမ္မ ဖမ်းဆီးတာ၊ နှိပ်စက်သတ်ဖြတ်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ TNLA က ပြောပါတယ်။