ကရင်နီပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေကို စစ်ကောင်စီက ပိတ်ထားတဲ့ အတွက် ဇူလိုင်လကစပြီး စက်သုံးဆီတွေ ပြတ်လပ်နေပြီလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အရင်က ဓာတ်ဆီနဲ့ ဒီဇယ်ဆီ တစ်လီတာကို ငွေကျပ် ၇,၀၀၀ ကနေ ၈,၀၀၀ အထိ ပေးဝယ်ရပြီး လက်ရှိ ဝယ်ယူဖို့ ခက်ခဲကာ စက်သုံးဆီ လုံးဝပြတ်လပ်တဲ့ အခြေအနေ ရောက်နေပြီလို့ ဆိုပါတယ်။
“မြို့ထဲမှာ စုဆောင်းထားတဲ့သူက ပြန်ခွဲပေးတဲ့ သဘောပေါ့။ ရောင်းဖို့ ပြတ်လပ်နေပြီ၊ အခုက အကုန် ပြတ်သွားပြီ။ လမ်းပိတ်တာတော့ ကြာပြီဗျ။ လမ်းကြောင်းက နယ်စပ်ပေါက်နဲ့ လွိုင်ကော်ပဲ ရှိတာလေ။ ၂ ဖက်လုံး ပိတ်ထားတာ” လို့ သူကပြောပါတယ်။
ဖားဆောင်းမြို့နယ်မှာ ဇွန်လ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတာကြောင့် ပြည်သူအများစု တောတောင်ထဲ စစ်ဘေးရှောင် နေရတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကောင်စီတပ်က ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့ အတွက် စက်သုံးဆီ အပြင် စားနပ်ရိက္ခာများပါ ပြတ်တောက်လာပြီး စစ်ဘေးရှောင် ပြည်သူတွေလည်း အခက်အခဲတွေ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။