ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မုန်းမြို့ စစ်ကောင်စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်အချို့ပါသေဆုံးခဲ့ရကြောင်း တိုက်ပွဲတွင် ပါဝင်သည့် ရိုးမစစ်ကြောင်း(၂)အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်သည်။
အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီ လေကြောင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ခမရ(၅၉၀)တပ်မှ စစ်သားမိန်းမ တစ်ဦးသေဆုံးခဲ့ရသည့်မြင်ကွင်းကို ဖော်ပြထားသည်။
ယင်းရုပ်သံတွင် မိခင်ဖြစ်သူက လသားအရွယ် ကလေးငယ်အား ဖတ်ထားရင်း အသက်သေဆုံးနေသည်ကို တွေ့ရသည်။
“ဒီကလေးအမေက သေပြီ။ အဲဒါပြည်သူပဲ။ ဒါပေမဲ့ အဲဒီ ပြည်သူကလေ မင်းတို့ တပ်ထဲက။ မင်းတို့ တပ်ထဲက အဲဒါ။ မင်းတို့ ကိုယ့်ရဲဘော်အချင်းချင်းလည်း မကာကွယ်နိုင်ဘူး။ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုလည်း မကာကွယ်နိုင်ဘူး။ … ။ ဒီကလေးအမေကတော့ ဆုံးပါးသွားရှာပြီ။ လေယာဉ်နဲ့ အပစ်ခံလိုက်ရတာ။ ဒါကျနော်တို့ ကယ်လာတာပေါ့” ဟု PDF ရဲဘော်တစ်ဦး၏ ပြောကြားချက်ကိုလည်း ရုပ်သံတွင် တွေ့ရသည်။
အာဏာရှင်သည် ကိုယ့်လူကိုယ် တန်ဖိုးထားခြင်းမရှိကြောင်း၊ ထို့ကြောင့် အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းနိုင်ရေး အတွက် နိုင်ငံသားတိုင်း၌ တာဝန်ရှိကြောင်း ရိုးမစစ်ကြောင်း(၂) ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မုန်းမြို့တိုက်ပွဲသတင်းကို KNLA ဌာနချုပ်ကလည်း သတင်းထုတ်ပြန်ထားရာ စစ်ကောင်စီတပ်သည် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးသွားသည့် တပ်သားများကိုပါ လေယာဉ်ဖြင့် လိုက်လံပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြသည်။
မုန်းမြို့စစ်ဆင်ရေးကို KNLA၊ PDFနှင့် BPLA တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၁၀၀ ဦးကျော်သေဆုံးသည်ဟု တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ်(၂) စစ်ဒေသကွပ်ကဲရေးရုံးက ထုတ်ပြန်ထားသည်။
ထို့ပြင် ဒုတပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး ၂ဦး အပါအဝင် အရာရှိ စစ်သည် ၂၁ဦး လက်နက်ချ အညံ့ခံခဲ့ပြီး စစ်ကောင်စီတပ် မိသားစုဝင် ၅၈ဦးကိုလည်း ကျင့်ဝတ်များနှင့်အညီ ထိန်းသိမ်းခဲ့ကြောင်း အသိပေးသည်။