စစ်ကျွန်ဇာတ်သွင်း အဓမ္မဆင့်ခေါ်မှုတွေကို လွတ်မြောက်နယ်မြေထွက်လာတဲ့နည်းအပြင်အခြားနည်းလမ်းတွေနဲ့ဆန့်ကျင်တွန်းလှန်ကြဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ဒီနေ့မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ မနေ့ညက ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်လာတာနဲ့ ပတ်သတ်ပြီး ဦးမင်းကိုနိုင်က ပြည်သူတွေကို အဲဒီလို တိုက်တွန်းပြောကြားလိုက်တာပါ။
ပြည်သူတွေအနေနဲ့ ဖက်ဆစ်တပ်ထဲမဝင်ဘဲ အဖမ်းခံထောင်ထဲဝင်လိုက်မယ်လို့ အလွယ်မတွေးစေချင်ဘူးဆိုတာနဲ့ ထောင်သားဖြစ်သွားမှ လူသားဒိုင်းသုံးမှာကို နားလည်ကြဖို့နဲ့ အကြမ်းဖက် စစ်တပ်အနေနဲ့ လက်ပူတိုက်သင်တန်းပေးပြီး တကယ်ကျ တိုက်မရမှန်းသိလို့ အကြမ်းကြုတ်ဆုံးနည်းကို အင်အားသုံးဇွတ်ကြေညာတာကို ဂရုပြုကြဖို့လည်း ဦးမင်းကိုနိုင်က ပြောပါတယ်။
” ဖက်ဆစ်တပ် ဆင့်ခေါ်ရေး/ ဆေးစစ်ရေးဘုတ်အဖွဲ့တွေက ပြည်သူကို ငွေညှစ် စားခွက်လု ခွင်လုကွက်တွေနဲ့ဖိနှိပ်မယ့်အရေးမှာ တိုက်ချင်းတိုက် ပြည်သူဘက်ကပဲတိုက်မယ်လို့ အသိပေးလာသူအပေါင်းလည်းအစစပြင်ဆင်ထားကြပါ ” လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။
ဖက်ဆစ်တပ်ဟာ အင်အား ဘယ်နှသိန်းရှိတယ်လို့ပြောဆို ခြိမ်းခြောက်ပြီး လက်ရှိမှာ ကြည်း၊ ရေ၊ လေ အလုံးစုံရှုံးကြောင်းဝန်ခံရင်း ရမ်းတာဖြစ်လို့ စနစ်တကျတုန့်ပြန်ကြရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ အဆိုပါ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုင်ပင်နေပြီးတော့ မကြာခင် ထုတ်ပြန်ကြေညာသွားမယ်ဆိုတာနဲ့ ပြည်သူတွေအနေနဲ့ နိုင်ရာတာဝန်ယူကြဖို့ကိုလည်း ဦးမင်းကိုနိုင်က ထည့်သွင်းပြောကြားထားပါတယ်။