စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အတွင်းက မြို့နယ် ၄ ခုကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို မြန်မာဝမ်ပေါင်-ယန်စီကုမ္ပဏီက ထောက်ပံပေးနေလို့ မနေ့က ဒေသခံ ပြည်သူတွေ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသ ကျေးရွာတစ်ရွာက ဒေသခံတွေ စုရုံးပြီး “မြန်မာဝမ်ပေါင်-ယန်စီ အကြမ်းဖက်မှု ချက်ချင်းရပ်” စတဲ့ စာသားတွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ထောက်ပံ့ပေးမှု ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာဝမ်ပေါင်-ယန်စီ ကုမ္ပဏီ၀န်း အတွင်းမှာ စစ်ကောင်စီတပ်ကို ခိုလှုံခွင့် ပေးထားပြီး ကုမ္ပဏီဘေးနားက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူတွေ လုံခြုံမှု မရှိဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အနီးအနားက ကျေးရွာတွေကို စစ်အင်အားသုံး အဓမ္မသိမ်းပြီး ခြံစည်းရိုးခတ်တာ၊ ခရီးသွားတွေကို ငွေညှစ်ဖမ်းဆီး သတ်ဖြတ်တာနဲ့ ကြေးနီသယ်ရာ လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး တာတွေကို ဝမ်ပေါင်-ယန်စီကုမ္ပဏီက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့လပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် ဖျက်ဆီးထားတဲ့ ညောင်ပင်ကြီးစခန်းကို စစ်ကောင်စီတပ် ပြန်လည် နေထိုင်ဖို့ ငွေကြေးစိုက်ထုတ် တည်ဆောက်ပေးနေတယ်လို့ သိရပါတယ်။
ဝမ်ပေါင်-ယန်စီ ကုမ္ပဏီပိုင် ကြေးနီသယ်ကားတွေကို စစ်ကောင်စီတပ်က လုံခြုံရေး ယူပေးလေ့ရှိတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းတစ်လျှောက် မိုင်းဆွဲတာ၊ ကြားဖြတ် တိုက်ခိုက်တာတွေလည်း ပြုလုပ်လေ့ရှိပါတယ်။