မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး (အပိုင်း ၂) စတင်ခဲ့ချိန်ကနေ ၅ ရက်တာ အတွင်းမှာ အကြမ်းဖက်စစ်တပ်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၅၃ ဦး လက်နက်ချအလင်းဝင်လာ ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
“(၅)ရက်သာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ဗိုလ်ကြီး (၄)ဦး၊ ရဲအုပ် (၁)ဦး၊ တပ်ကြပ်ကြီး(၆)ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း)(၁)ဦး၊ တပ်ကြပ် (၁၁)ဦး၊ ဒုတပ်ကြပ်(၉)ဦး၊ ရဲတပ်သား(၁)ဦးနှင့် တပ်သား(၁၉)ဦး တပ်ဖွဲ့ဝင် (၅၃)ဦးတို့ တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်” လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာလည်း နောင်ချိုမြို့ ကံ့ကော်တပ်စခန်းနဲ့ အခြားတပ်စခန်းမှ လက်နက်မျိုးစုံ (၅၀)ကျော် သိမ်းဆည်းရမိထားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇)ဦးလည်း တအာင်းတပ်မတော် TNLA ထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ဇွန် ၂၅ ရက်က စတင်ခဲ့တာဖြစ်ပြီးတော့ တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နဲ့ တပ်မဟာ ၃ စစ်ဒေသ မိုးမိတ်မြို့ နယ်တွေမှာ စစ်ဆင်ရေးပြုလုပ်နေတာပါ။