ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ စစ်ကောင်စီအား တိုက်ခိုက်ပြီး ပြည်သူ့တော်လှန်ရေးပြန်လည်ဆင်နွဲခြင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံတယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
ဒါကြောင့် တစ်ကျော့ပြန်တော်လှန်စစ် ဆင်နွဲတဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး- ကလလတ အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်သမျှ တော်လှန်ရေးလုပ်ငန်းများမှာလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ PNFC က ပြောပါတယ်။
ကလလတ အဖွဲ့ရဲ့ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ပြီး တော်လှန်စစ်ဆင်နွဲတာဟာ အရေးကြီးတဲ့ ကာလမှာ နွေဦးတော်လှန်ရေးကို အချိန်ကိုက် အင်အားဖြည့်တင်းလိုက်ခြင်းဖြစ်သလို နွေဦးတော်လှန်ရေး ပိုမိုအားကောင်းကျယ်ပြန့်စေမယ့် အဆင့်အသစ် တစ်ရပ်သို့ တွန်းတင်လိုက်ခြင်းလည်းဖြစ်တယ်လို့ PNFC ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုနဲ့ လက်တွဲတာဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး လုံးဝမရရှိနိုင်သလို နိုင်ငံရေး သဘောတူညီချက် ခိုင်ခိုင်မာမာမရရှိဘဲ နားလည်မှုသက်သက်နဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတာ အချည်းနှီးသာဖြစ်တယ်ဆိုတာကို ကလလတ ရဲ့ တစ်ကျော့ပြန် တော်လှန်စစ် ခြေလှမ်းသစ်က စံနမူနာ တစ်ရပ်အဖြစ် မီးမောင်းထိုးပြနေတယ်လို့လည်း PNFC ကဆိုပါတယ်။
ကလလတ အဖွဲ့ဟာ ဘုံရန်သူ စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရင်း အကြောင်းအမျိုးမျိုးကြောင့် မလွဲသာ မရှောင်သာပဲ စစ်အုပ်စု နဲ့ ပြုလုပ်တဲ့ အပစ်ခတ်ရပ်စဲရေးမှတစ်ဆင့် စစ်အုပ်စုရဲ့ အဆွယ်အပွားဖြစ်တဲ့ နယ်ခြားစောင့်တပ် BGF အဖြစ် ဖိအားပေးအသွင်ပြောင်းခံခဲ့ရပါတယ်။
လက်ရှိမှာတော့ ကလလတ အဖွဲ့ဟာ အဲ့ဒီလို BGF အသွင်ပြောင်းခံရတဲ့ဘဝမှ စစ်အုပ်စုကို ပထမဦးဆုံး ပြည်လည်တော်လှန်တဲ့ အဖွဲ့အစည်းဖြစ်လာပါတယ်။
လက်ရှိအချိန်မှာ ကလလတ အဖွဲ့ဟာ စစ်ကောင်စီကို ပြန်လည်တော်လှန်ပြီးနောက် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စင်းကိုပါ ပစ်ချနိုင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
ကလလတ အဖွဲ့ဟာ စစ်အုပ်စု ၊ စစ်အာဏာရှင်စနစ် ၊ စစ်အစိုးရ နဲ့ ၂၀၀၈ အခြေခံဥပဒေ အကုန်အစင် တိုက်ဖျက်ရေးမူကို ကိုင်စွဲပြီး စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ဇွန်လ ၁ ရက်နေ့မှ တရားဝင်ထုတ်ပြန်ပြီး တော်လှန်ရေးစစ်ကို ဝင်ရောက်ဆင်နွဲလာခဲ့တာဖြစ်ပါတယ်။