ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို စစ်ကောင်စီက ယနေ့ နံနက်နှင့် နေ့ခင်းပိုင်းတွင် ဂျက်ဖိုက်တာ သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။
“ကပိုင်ရွာကို ဂျက်ဖိုက်တာနဲ့ ပစ်နေတာ။သုံးစင်းရှိပြီ။ဒေသခံတွေကို ဆက်သွယ်တာမရသေးလို့ မြေပြင်အခြေအနေကို မသိရသေးဘူး” ဟု ကပိုင်ကျေးရွာအနီးအခြားကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကပြောသည်။
ကပိုင်ရွာကို ယနေ့ (မေလ ၂၉ရက် )နံနက် ၁၁နာရီခန့်မှ ညနေ ၃နာရီခန့်အတွင်း ဂျက်ဖိုက်တာသုံးစင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်နေကြောင်း ယင်းမာပင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်းပြောသည်။
“တိုက်ပွဲမရှိဘဲ ပစ်နေတာ။ အရပ်သားတွေထိခိုက်မှုရှိ၊မရှိကို မသိရသေးဘူး။ဖုန်းတွေ ဆက်မရဘူး”ဟုအထက်ပါရဲဘော်ကပြောသည်။
ကပိုင်ရွာသည် အလောင်းတော်ကဿဖနယ်မြေနှင့်ထိစပ်နေသောကျေးရွာဖြစ်သည်။ ယခုသတင်းရေးသားနေချိန် ညနေ ၃နာရီ၁၅ မိနစ်တွင် လေကြောင်းမှ ပစ်ခတ်သံများ ကြားနေရသည်ဟု ကပိုင်ရွာပတ်ဝန်းကျင်ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများစောင့်ကြည့်သတိပေးသော EAR (Enemy Air Route) ချန်နယ် ၏ဖော်ပြချက်အရ အဆိုပါတိုက်လေယာဥ်များသည် တံတားဦးလေတပ်စခန်းမှ ထွက်ခွာပြီး ပြန်လည်ဆင်းသက်ခဲ့ကြောင်းသိရသည်။