စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ဗိုလ်ရုံကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (မတ်လ ၂၄ရက်) နံနက်ပိုင်းက ရေဦးမြို့ရှိ မြောက်ဘက်ဂိတ်မှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ဗိုလ်ရုံကျေးရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဗိုလ်ရုံကျေးရွာနေ အသက်(၅၀)နှင့် (၇၀)အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း People’s Defense Comrade အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီးနောက် ဗိုလ်ရုံကျေးရွာအတွင်းသို့ အင်အား ၁၃၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်နေသည်။
အဆိုပါစစ်ကြောင်းသည် မတ်လ ၂၀ရက်က တန့်ဆည်မြို့ပေါ်မှ စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဝါသဝ၏ ပျူစောထီးများလည်းပါဝင်နေသည်ဟု သိရသည်။
ယင်းစစ်ကြောင်းသည် ယမန်နေ့ (မတ်လ ၂၃ရက်)က တန့်ဆည်မြို့နယ်၊ ချောင်းရိုးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူအချို့လည်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။
“ချောင်းရိုးရွာကို နေ့ခင်းပိုင်းကတည်းက မီးတင်တယ်။ ညပိုင်းလည်းမီးရှို့တယ်။ ချောင်းရိုးရွာက ခရစ်ယာန်ဘာသာဝင်တွေ အများစုနေထိုင် တဲ့ကျေးရွာပါ။ ဗုဒ္ဓဘာသာတွေလည်းရှိတယ်။” ဟု ကိုထူးခန့်ဇော်က ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ရေဦးမြို့ပေါ်သို့ဝင်ရောက်နိုင်ကြောင်း၊ စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ရေဦးနှင့် တန့်ဆည်မြို့နယ်အစပ်ရှိ ကျေးရွာ ၁၅ ရွာထက်မနည်း၊ ဒေသခံ ပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။