ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဒရူခတံတားအနီးက စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နှင့် ခါကာဘို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့( KPF) ပူးပေါင်းတပ်က ဒီနေ့မနက် သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။
၎င်းစခန်းမှာ စစ်တပ်က ဆယ်နှစ်ကျော် စခန်းချနေထိုင်ခဲ့တဲ့စခန်းဖြစ်ပြီး ဒီနေ့မနက် ၇ နာရီကျော်ကနေ ဆယ်နာရီလောက်ထိ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီစခန်းကို KIA နှင့် Kagabu People`s Force (KPF) တို့က သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်အင်းအာ ၃၀ လောက်ရှိတဲ့ စခန်းဟုတ်တယ်။ မြစ်ကြီးနားဘက်နေ တက်လာရင် စခန်းအရင်ရောက်တယ်။ စခန်းနဲ့ ရွာက ချောင်းတံတားရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းပါပဲ။”လို့ ဒေသခံက ပြောပါတယ်။
တိုက်ခိုက်ဖျက်ဆီးခံရတဲ့ စစ်ကောင်စီစခန်းမှာ မြစ်ကြီးနား – ဆွမ်ပရာဘွမ် ကားလမ်းမပေါ်က စခန်းဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ဒရူခကျေးရွာပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံက ပြောပါတယ်။
KIA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေမှာတော့ ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ အမြောက်အများ သိမ်းဆည်းရမိပြီး သေဆုံးသူလည်းများသလို အရှင်ဖမ်းမိသူလည်းရှိကြောင်း ပြောပါတယ်။
ဒါ့အပြင် KIA၊ KPF ဘက်က တစ်ဦးကျဆုံးပြီး ဒဏ်ရာရရှိသူ လေးငါးယောက်ရှိကြောင်း သိရပါတယ်။
ကချင်ပြည်နယ်တွင် မြစ်ကြီးနား – ဗန်းမော်လမ်း တစ်လျှောက် နေ့စဉ်လိုလို ပစ်ခတ်မှုများရှိနေဆဲဖြစ်ပြီး ဒီရက်ပိုင်းအတွင်း ဖားကန့်၊ တနိုင်း၊ ဆွမ်ပရာဘွမ်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလာပြီး စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ဖျက်ဆီးခံရတဲ့ တိုက်ပွဲတွေ ရှိနေပါတယ်။