အညာဒေသက သပိတ်အင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး စစ်တပ်ပိုင် ထုတ်ကုန် ၈ မျိုးရဲ့ ဝင်ငွေလမ်းကြောင်းကို လျှော့ချဖို့ ကမ်ပိန်းတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲအဖြစ် ဩဂုတ်လကနေ စပြီး ၂ လအတွင်း စစ်တပ်ပိုင် ဘီယာ ၆ မျိုးနဲ့ ဆေးလိပ် ၂ မျိုးရဲ့ ဝင်ငွေ ၇၀ ရာခိုင်နှုန်းကို ပိတ်ဆို့ဖို့လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ပါဝင်ပေးကြဖို့ သပိတ်အင်အားစုတွေက တောင်းဆိုထားပါတယ်။
အခုလက်ရှိ မြန်မာဘီယာ၊ Andaman / Dagonတံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ Mandalay Rum၊ Beer၊ Black Shield Stout Beer၊ Army Rum၊ Red Ruby၊ Premium Gold စတဲ့ ဘီယာနဲ့ ဆေးလိပ် ထုတ်ကုန် ၈ မျိုးကို ဝင်ငွေဖြတ်တောက်ဖို့ လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ပိုင်ထုတ်ကုန် ဝင်ငွေလျှော့ချရေး ကမ်ပိန်းကို အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က ဦးဆောင်ကာ အကောင်ထည်ဖော်နေတာဖြစ်ပြီး တနိုင်ငံလုံးအတိုင်းတာနဲ့ စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။