တာချီလိတ် – မယ်ဆိုင် တံတား (၁)နဲ့ တံတား (၂) ပေါ်က ဖြတ်သန်းတဲ့ ကုန်တင်ကားတွေထံကနေရတဲ့ လာဘ်ငွေကို ဝေစုခွဲရာမှာ စစ်တပ်နဲ့ အကောက်ခွန်ဝေစုမတည့်တာကြောင့် ပြသနာဖြစ်ပြီး တာချီလိတ်နဲ့ မယ်ဆိုင် ကုန်စည်ဖြတ်သန်းစီးဆင်းမှုကို အောက်တိုဘာလ ၄ရက်က စပြီး ရပ်ခိုင်းထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တံတား (၁)နဲ့ တံတား (၂)ပေါ်ကနေ ဖြတ်သန်းတဲ့ ကုန်စည်တွေကနေတဆင့် ရတဲ့ ငွေကြေးတွေဟာ အကောက်ခွန် – Custom နဲ့သာ အဓိက သက်ဆိုင်ပြီး ဒီအပေါ်မကျေနပ်လို့ စစ်တပ်က ပြသနာရှာရာကနေ အခုလို ပိတ်ရတဲ့အထိ ဖြစ်လာတာလို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“စစ်တပ်က တံတားပေါ်လုံခြုံရေး ယူရတာပဲရှိတာ။ အခွန်ကောက်တာက သူတို့နဲ့မဆိုင်ဘူးလေ။ အဲဒါကို ပိုက်ဆံမရလို့ ပြသနာရှာတယ် ပြောတယ်။ အခုတော့ ဘယ်ကုန်မှ သယ်ခွင့်မရဘူး” လို့ သူက ပြောပါတယ်။
တာချီလိတ်မြို့မှာ မယ်ဆိုင်မြို့နဲ့ ဆက်သွယ်ထားတဲ့ တံတား ၂စင်းရှိပြီး တံတား (၁) ပေါ်က ဖြတ်သန်းတဲ့ ဒေသတွင်း တပိုင်တနိုင်ကုန်စည်တွေကို ထွေအုပ်က ၃ရာခိုင်နှုန်းအခွန်ကောက်ခံကာ တံတား (၂)ပေါ်က ဖြတ်သန်းတဲ့ ကုန်တင်ကားကြီးတွေကို အကောက်ခွန်က အခွန်ကောက်ခံတာဖြစ်ပါတယ်။
တာချီလိတ်နဲ့မယ်ဆိုင် နေ့စဉ်ကုန်သွယ်တဲ့ အန်စာတုံးကားအစီးအရေအတွက်ဟာ ၇၀ ဝန်းကျင်ကနေ ၁၀၀ ကြားရှိပြီး ကုန်တင်ကြားကြီး အနည်းငယ်လည်းပါဝင်တယ်လို့ အံစာတုံးကားသမားတစ်ဦးက ပြောပါတယ်။
“အခုတော့ အကုန်ရပ်ထားရတာပေါ့။ ဒီလိုရပ်ထားရတော့ ကုန်သည်တွေရော၊ ကားသမားတွေရော၊ ဈေးသည်အငယ်လေးတွေက အစ အကုန်ဒုက္ခရောက်တာပေါ့။ မနေ့ကဆို ဟိုဘက်ကမ်း(မယ်ဆိုင်ဘက်) ရောက်နေတဲ့ ကားတစ်ချို့ ကုန်ပစ္စည်းတွေ တဝက်တပျက်နဲ့ ပြန်လှည့်ခဲ့ရတယ်” လို့ သူက ပြောပါတယ်။
ဒီလို ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းထားတာဟာ ဘယ်နှစ်ရက်ကြာမယ်ဆိုတာလည်း အတိအကျမသိရသေးဘူးလို့ တံတားအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
တာချီလိတ်နဲ့ မယ်ဆိုင်ကြား ဒေသတွင်းစားကုန်အတွက် တပိုင်တနိုင်တင်သွင်းတဲ့ကုန်စည်တွေကို အခွန်ကောက်ခံရာကနေ NLD အစိုးရလက်ထက်က နှစ်စဉ် ကျပ်သိန်းပေါင်းသောင်းနဲ့ချီကာ အခွန်ရရှိပြီး ဒေသအာဏာပိုင်တွေလာဘ်စားတဲ့ ပမာဏကလည်း ဒီပမာဏနည်းတူရှိတယ်လို့ ကုန်စည်တင်သွင်းသူ အသိုင်းအဝိုင်းကနေ သိရပါတယ်။
တာချီလိတ်ဒေသနဲ့ အနီးတဝိုက် ဒေသခံတွေ သုံးစွဲနိုင်ဖို့အတွက် စားသောက်ကုန်နဲ့ လူသုံးကုန် အမျိုးအစား ၄၀ခန့်ကို ဒေသတွင်းကုန်သွယ်မှုအဖြစ် သတ်မှတ်ပြီး တပိုင်တနိုင်ကုန်သွယ်မှုကို ခွင့်ပြုထားတာဖြစ်ပါတယ်။