စစ်ကောင်စီ၏ လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးမှု အဓိကဦးဆောင်နေသော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)အရာရှိများနေထိုင်သည့် ရန်ကုန်မြို့လယ်ရှိ မြဝတီအရာရှိရိပ်သာအား ရန်ကုန်ပကဖ အထူးတပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီပိုင် MEC လေယာဉ်ဆီဌာနမှ အရာရှိကြီးများအများစုနေထိုင်သည့် ရန်ကုန်မြို့လယ်မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းပေါ်ရှိ မြဝတီအရာရှိရိပ်သာအား ရန်ကုန်တိုင်းပကဖ အထူးတပ်ဖွဲ့က ယနေ့ တနင်္ဂနွေနေ့ နံနက် ၅နာရီဝန်းကျင်က ပြင်းအားမြင့်ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။
အဆိုပါနေရာသည် စစ်တပ်ဧရိယာဖြစ်ပြီး အောင်ဆန်းကွင်းနှင့် ထွေအုပ်ရုံးများ၌ စစ်တပ်က တပ်စွဲထားလျက်ရှိပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဧရိယာအနီးတွင် စစ်တပ်ဈေးလည်း ရှိသည်။
ယခုတိုက်ခိုက်မှုသည် တိုင်းရင်းသားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးနေသော MEC အရာရှိများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဟုလည်း န်ကုန်ပကဖ အထူးတပ်ဖွဲ့က အသိပေးသည်။
ရန်ကုန်ပကဖ အထူးတပ်ဖွဲ့၏ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုများပြီး ယခုလက်ရှိတွင် ရန်ကုန်မြို့လယ် အထက်ပန်းဆိုးတန်းလမ်းအား ပိတ်ဆို့ထားပြီဖြစ်ကြောင်း သိရသည်။
“မနက်အစောကြီး ၄နာရီလောက်က ဖဆပလစျေးဘက်မှာ ဗုံးပေါက်သံအကျယ်ကြီး ကြားလိုက်ရတယ်။ အဲဒီဘက်မှာ စစ်တပ်စျေးနဲ့ မြဝတီအရာရှိရိပ်သာတွေပဲ ရှိတာပါ။ အရာရှိတစ်ယောက်ရဲ့ ကားတစ်စီးဗုံးစမှန်တယ်လို့တော့ ကြားတယ်။ လူတော့မထိဘူး သိရပါတယ်။ ရဲကား၊ စစ်ကားတွေတော့ အထက်ပန်းဆိုးလမ်းနဲ့ ဘိုးမင်းခေါင်လမ်းဘက်တွေမှာ စစ်ဆေးနေတာ တွေ့ရတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။
ယခုမတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီအဖွဲ့ဝင်များရှိရာနေရာများအား ရန်ကုန်တိုင်း ပကဖအပါအဝင်မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်မှုများဆက်တိုက် ပြုလုပ်နေသည်။