ကရင်အမျိုးသား အစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ တပ်မဟာ (၅) နယ်မြေ အတွင်းက စစ်တပ် ရိက္ခာနဲ့ လက်နက်ခဲယမ်း ပို့တဲ့လမ်းကို စောင့်ကြပ်ပေးနေတဲ့ BGF တပ်နယ် (၃)၊ နီကန်စခန်းကို KNLA က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ မူတြော်သတင်းက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
နီကန်စခန်းကို မေလ ၂ ရက်၊ မွန်းလွဲ ၁ နာရီ ဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ အတွင်း နယ်ခြားစောင့်တပ် တပ်ခွဲမှူး တစ်ဦး၊ ဒု-ခွဲမှူး တစ်ဦးနဲ့ တပ်ကြပ်ကြီး တစ်ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအပြီး AR ၅ လက်နဲ့အတူ ကျည်ဆန်အပြည့်ပါတဲ့ ကျည်ဘောက် ၁၆ ခု၊ ၉ မမ ပစ္စတို တစ်လက်၊ RPG – 7 တစ်လက်နဲ့ ဗုံးသီး ၆ လုံး၊ NATO စက်လတ် တစ်လက်နဲ့ ကျည် ၅၀၀၊ စကားပြောစက် ၂ လုံးတို့ကို KNLA က သိမ်းဆည်းရမိခဲ့တယ်လို့ မူတြော်သတင်းက ဆိုပါတယ်။
ဒီတိုက်ပွဲ အတွင်း KNLA ဘက်က ၂ ဦးကျဆုံးကာ ၅ ဦး အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။