ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် Black Dragon – GBK PDF ဆီကို စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး လက်အောက်ခံ မြဝတီစာပေတိုက်က တပ်သားတဦး အလင်းဝင်ခဲ့တယ်လို့ GBK တပ်ဖွဲ့ဆီက သိရပါတယ်။
မြဝတီစာပေတိုက်က တပ်သားအောင်နိုင်ဦးဟာ ပြီးခဲ့တဲ့မေ ၂ ရက်မှာ အလင်းဝင်လာခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေတော့ မပါလာဘူးလို့ သိရပါတယ်။
“ပြည်သူချစ်တဲ့ စစ်တပ်မဟုတ်ဘူး။ ဖက်ဆစ်တပ်ထက်တောင် ဆိုးနေတာ ယုတ်မာတဲ့စစ်တပ် ဖြစ်နေတယ်။ ပြည်သူကိုစောင့်ရှောက်မဲ့စစ်တပ်က ဖိနှိပ်နေတဲ့အတွက် အလင်းဝင်ခဲ့တာပါ” လို့ တပ်သား အောင်နိုင်ဦးကပြောပါတယ်။
သူဟာ စစ်မှုထမ်းသက် ၁၅ နှစ်ရှိပြီး ၂၀၀၉ ခုနှစ်မှာ စစ်တပ်ထဲကို စတင်ဝင်ရောက်ခဲ့တာလို့လည်း ဆိုပါတယ်။
လက်ရှိမှာ တပ်သားအောင်နိုင်ဦးကို GBK တပ်ဖွဲ့စခန်းမှာပဲ ထားရှိပြီး ဂုဏ်ပြုချီးမြှင့်တာတော့ မရှိသေးဘူးလို့ GBK PDF တပ်ခွဲမှူးက ပြောပါတယ်။