၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို မကျေနပ်လို့ ထိုင်းနိုင်ငံ မြန်မာ သံရုံးရှေ့ စုရုံးဆန္ဒပြခဲ့ကြသူ ၇ ဦးကို ထိုင်း ရာဇဝတ်တရားရုံးက ဩဂုတ် ၂၁ ရက်မှာ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ကြောင်း ထိုင်းလူ့အခွင့်အရေး ရှေ့နေများအဖွဲ့ TLHR က ထုတ်ပြန်သွားခဲ့ပါတယ်။
အရေးပေါ်အမိန့်ကို ဖောက်ဖျက်ပြီး အာဏာပိုင်တွေရဲ့ လုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်မှုလို့ဆိုပြီး ၇ ယောက် စလုံးကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ အသီးသီးချမှတ်လိုက်တာဖြစ်ပါတယ်။
အာဏာသိမ်းတဲ့နေ့က ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့မှာ ထိုင်း-မြန်မာ နှစ်နိုင်ငံကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ထိုင်း-မြန်မာ ပြည်သူတွေ ပူးပေါင်း ဆန္ဒပြခဲ့ကြတာဖြစ်သလို ပသမ်ဝမ် kywalk ကိုလည်း စုပေါင်းချီတက် ဆန္ဒပြခဲ့ကြရာမှာ ထိုင်းရဲတပ်ဖွဲ့က ဒိုင်းတွေ၊ နံပါတ် တုတ်တွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။ အဲဒီနေ့မှာ ဆန္ဒပြသူ ၃ ဦး၊ သပိတ်စောင့် လုပ်အားပေးအဖွဲ့ We Volunteer က တစ်ဦး၊ သမ်မာဆတ်တက္ကသိုလ်ကျောင်းသား တစ်ဦးနဲ့ မြန်မာနိုင်ငံသား တစ်ဦးကို ဖမ်းဆီးခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။
သမ်မာဆတ်တက္ကသိုလ်ကျောင်းသား ပန်နာပတ်ချန်တနန်ကူကို ကနဦးထောင်ဒဏ် ၁၂ လ၊ ဒီပြစ်ဒဏ်ကို ထောင်ဒဏ် ၄ လနဲ့ ရက် ၂၀ သို့ လျော့ချ၊ ဒုတိယမြောက် တရားခံကို ကနဦးထောင်ဒဏ် ၃ နှစ်နဲ့ တစ်လ၊ ဒဏ်ငွေ ဘတ် ၄၀၀၀၀ ၊ ဒီပြစ်ဒဏ်ကိုလည်း ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ၊ ၁၅ ရက်သို့ လျော့ချပြီး ဒဏ်ငွေကိုလည်း ဘတ် ၂၀၀၀၀ သို့လျော့ချ၊ ကျန် တရားခံတွေကို ထောင်ဒဏ် ၄ နှစ်နဲ့ ဒဏ်ငွေ ဘတ် ၆၀၀၀၀ စီ၊ ဒီပြစ်ဒဏ်တွေကို ထောင်ဒဏ် ၂ နှစ်နဲ့ ရက် ၅၀ သို့လျော့ချ၊ ဒဏ်ငွေကို ဘတ် ၃၀၀၀၀ သို့လျော့ချ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသား ပန်နာပတ်က အာမခံလျှောက်ထားမှုအရ ဘတ် ၁၅၀၀၀၀ ပေး လို့ အာမခံရခဲ့ကြောင်းနဲ့ ကျန် တရားခံတွေရဲ့ ပြစ်ဒဏ်တွေကိုလည်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ကြောင်း TLHR က ထုတ်ပြန်သွားပါတယ်။