ကရင်နီပြည်နယ်က စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့ အခြား တပ်သားတွေ၊ ပြန်တမ်းဝင် အရာရှိတွေအ ပါအဝင်၊ ရဲဘက်ဆိုင်ရာ ဝန်ထမ်းတွေအားလုံး ဘက်ပြောင်း ခိုလှုံဖို့ အမြန်ဆုံးဆက်သွယ်နိုင်တယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ-KNPP က မနေ့က ဩဂုတ်လ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီ ဝန်ထမ်းတွေ အနေနဲ့ ဘက်ပြောင်း ခိုလှုံမယ်ဆိုရင် နီးစပ်ရာ ကရင်နီပြည်နယ် အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မြို့နယ်တပ်တွေ၊ ကရင်နီတဝှမ်းက တပ်ရင်း၊ တပ်မတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ဆက်သွယ်နိုင်တယ်လို့ KNPP က ဆိုပါတယ်။
ဘက်ပြောင်းခိုလှုံလာသူတွေ အနေနဲ့ လူနဲ့အတူ ပါလာတဲ့ လက်နက်ခဲယမ်းတွေကို သက်ဆိုင်ရာ ကရင်နီပြည် တပ်မတော်နဲ့ မြို့နယ်တပ်တွေကို တရားဝင် အပ်နှံပြီးနောက် ဘက်ပြောင်းခိုလှုံလာသူများနဲ့ CDM များ ကြီးကြပ်ရေးလုပ်ငန်း ကော်မတီရဲ့ အစီအမံအတိုင်း ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဘက်ပြောင်း/ CDM ကြီးကြပ်ရေး ကော်မတီဟာ နိုင်ငံတကာ တရားဝင် အစုအဖွဲ့တွေ၊ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အစုအဖွဲ့တွေ အပါအဝင် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်သူ့ရင်ခွင် ကော်မတီတို့နဲ့ပါ တရားဝင် ကွန်ရက်ချိတ်ဆက်နေတာဖြစ်လို့ စစ်ကောင်စီ လက်အောက်က ဘက်ပြောင်း ခိုလှုံလိုသူတွေ အနေနဲ့ ပေးထားတဲ့ လိပ်စာအတိုင်း တိုက်ရိုက် ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။