စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတလျှောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ယာယီပိတ်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ယနေ့ (သြဂုတ်၄ ရက်)နံနက်ပိုင်းမှစတင်ကာ မုံရွာ – မန္တလေးလမ်းပိုင်း အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ပြီး လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက် အာမမခံကြောင်း ချောင်းဦး(ပကဖ)အဖွဲ့က ထုတ်ပြန်သည်။
လမ်းပိုင်း၌ ရောက်ရှိနေသော မော်တော်ယာဉ်များ အနေဖြင့် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားရန်နှင့် အချင်းချင်း ထပ်ဆင့်အကြောင်းကြားပေးကြရန် ပကဖအဖွဲ့က မေတ္တာရပ်ခံထားသည်။
စစ်ကောင်စီတပ်သည် ငါးယှန်ကျေးရွာအနီး၌ ကင်းပုန်းများချထားကြောင်း၊ မုံရွာ-မန္တလေးကားလမ်းမကြီးတလျှောက် ခြေရှုပ်နေပြီး ပြည်သူများအား စစ်ဆေးနေကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။
အလားတူ မုံရွာ – မန္တလေးလမ်းပေါ်ရှိ မြင်းမူမြို့နယ်တွင်လည်း ညောင်ပင်ဝန်း၊ မြင်းမူမြို့ပေါ်နှင့် မြောင်လမ်းခွဲတို့မှ စစ်ကောင်စီတပ်က ကင်းပုန်းဝပ်နေကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ထို့အပြင် စစ်ကိုင်းမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းဘေးရှိ ကျေးရွာများရှိ ဒေသခံပြည်သူအချို့လည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။