ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ စက်သုံးဆီ ပြတ်လပ်နေပြီး လိုသလောက်လည်း ဝယ်လို့မရဘူးလို့ မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မိုးဗြဲမြို့ထဲမှာ ဇွန်လကတည်းက စစ်ကောင်စီနဲ့ ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဇူလိုင်လဝက်လောက်ကစပြီး စက်သုံးဆီတွေ ပြတ်လပ်လာတာလို့ သူက ဆက်ပြောပြပါတယ်။
“တော်တော် ဆိုးဆိုးဝါးဝါးပဲ။ ဘာမှကို ဝယ်လို့ မရတော့ဘူး။ ဓါတ်ဆီကတော့ လေးငါးရက်လောက် တစ်ခါမှ ဝယ်လို့ရတာ။ ဈေးကလည်း ခေါင်ခိုက်နေတာပဲ။ ဈေးကြီးလည်း သိပ်တော့ ပြဿနာ မရှိပါဘူး။ မြို့ထဲလူမှ မကျန်တော့တာ။ သွားစရာတွေလည်း မရှိတော့ဘူးလေ” လို့ မြို့ခံတစ်ဦး က ပြောပါတယ်။
အရင်တုန်းက တခြားမြို့တွေထက် မိုးဗြဲမြို့ရဲ့ စက်သုံးဆီဈေးဟာ မြင့်တယ်ဆိုပေမယ့် အလွယ်တကူ ဝယ်လို့ရပြီး ဇူလိုင်လထဲမှာတော့ စစ်ကောင်စီတပ်တွေဟာ မြို့ အဝင်/ထွက်တွေကို ပိတ်ချလိုက်တာကြောင့် အခုလို ပြတ်လပ်သွားတာလို့ ဆိုပါတယ်။
လက်ရှိ မိုးဗြဲမြို့ထဲမှာ စက်သုံးဆီ အရောင်းဆိုင်အနေနဲ့ ၂ ဆိုင်ပဲ ရှိတဲ့အပြင် အောက်တိန်း ၉၂ တစ်လီတာကို ၅,၀၀၀ ကနေ ၈,၀၀၀ ကျပ်ကြား ပေါက်ဈေး ရှိနေပြီး ဒီဇယ်ကတော့ လုံးဝဝယ်လို့ မရတော့ဘူးလို့ သိရပါတယ်။
မိုးဗြဲမြို့ကနေ ဖယ်ခုံမြို့ကို စစ်ဘေးရှောင်လာသူ တစ်ဦးက “မြို့ထဲမှာက ဓါတ်ဆီမရှိတော့ ခိုးဝှက်ပြီး သယ်ကြရတာပေါ့။ ခိုးသယ်ရတာဆိုတော့ အများကြီးလည်း မသယ်နိုင်ဘူး။ စစ်ဆေးလို့ မိသွားရင် သေမှာ။ ခိုးမသယ်တော့လည်း သုံးစရာ မရှိတော့ ဒီလိုပဲ စွန့်စားရတာပေါ့” လို့ ပြောပါတယ်။
ဇွန်လကနေ ဒီနေ့(ဇူလိုင် ၂၁)အထိ မိုးဗြဲမြို့ပေါ်နဲ့ အနီးတစ်ဝိုက်တွေမှာ မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်နေတာကြောင့် မြို့နေပြည်သူ တစ်ဝက်ကျော်လောက်ဟာ ထွက်ပြေး တိန်းရှောင်နေရတဲ့အပြင် ဖယ်ခုံမြို့နယ်ထဲက ဒူထန်၊ လွယ်ယင်းမင်္ဂလာနဲ့ လွယ်ယင်းတောင်ခြေ စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာလည်း နေရပ် မပြန်နိုင်သေးဘူးလို့ သူက ဆက်ပြောပြပါတယ်။
မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာကို ကူးသန်းသွားလာနေတဲ့ ကုန်သည်တွေဟာလည်း တိုက်ပွဲတွေကြောင့် ကုန်းလမ်းက မသွားနိုင်ဘဲ ရေလမ်းခရီးက သွားနေရတာကြောင့် အရင်ထက် စရိတ် ၂ ဆပိုကုန်ကျနေတယ်လို့ ဆိုပါတယ်။