ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာ၊ ဥတ္တရာရုံ ကျောင်းတိုက်နေ ပရဟိတ ဦးပဥ္စင်း ဦးတေဝိန္ဒ ကို စစ်တပ်က ဖမ်းဆီးသွားတာ တစ်လနီးပါး ကြာနေပြီ ဖြစ်ပေမယ့် အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အဆိုပါ ကျောင်းတိုက်ကို ပုံမှန် ဝင်ထွက် နေရာက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့၊ ညနေ ၄ နာရီခန့်မှာ ဦးတေဝိန္ဒ ကို ခေါ်သွားပြီးနောက် ဖမ်းဆီးထားတယ် ဆိုပြီး ဆက်သွယ် အကြောင်းကြားလာတာလို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“အစတည်းက စကစ (စစ်ကောင်စီ) က အဝင်အထွက်ရှိတယ်။ ခေါ်သွားတာလည်း သာမန် အနေထားနဲ့ပဲ ခေါ်သွားတဲ့ပုံပါ။ ပြီးမှ ဦးပဥ္စင်း ကို ဖမ်းလိုက်ပြီဆိုပြီး ကျောင်းကို ဖုန်းဆက်ပြောတာ” လို့ သူကပြောပါတယ်။
ဦးတေဝိန္ဒ ဟာ အသက် ၃၀ ခန့်သာရှိသေးပြီး ကျောက်ဂူမြို့နယ်က မေတ္တာမွန် လူမှုကူညီရေးအသင်း ဦးဆောင်သူ ဖြစ်တာကြောင့် ရပ်ရွာက လေးစားခံရသူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လူမှုကူညီရေးအသင်း ကားကို ဦးပဥ္စင်း ကိုယ်တိုင် မောင်းပြီး ပရဟိတတွေ လုပ်နေကြ၊ လုပ်နေဆဲပါ။ ရပ်ရွာထဲမှာ ကျနော်တို့ လေးစားရတဲ့ ပုဂ္ဂိုလ်ပေါ့။ စခန်းသွားတွေ့တာ အခုထိ ပေးမတွေ့ဘူးဗျာ။ ဘာလို့ ဖမ်းလဲ မသိဘူး။ သူက နိုင်ငံရေးလည်း လုပ်တာ မရှိဘူး။ ပရဟိတပဲ လုပ်တာ” လို့ ကျောက်ဂူရွာ ဒေသခံ အမျိုးသား တစ်ဦးက ရှင်းပြပါတယ်။
ဦးတေဝိန္ဒ ကို ဘာကြောင့် ဖမ်းဆီးတယ် ဆိုတာကို ရဲနဲ့ စစ်တပ်က မပြောသလို ဖမ်းဆီးချိန်ကစပြီး လက်ရှိအချိန်ထိ ရပ်စောက်မြို့နယ်၊ ရဲစခန်းမှာ သင်္ကန်းဝတ်နဲ့ ချုပ်နှောင်ထားပြီး ကျောင်းတိုက်က သံဃာတွေ၊ ဒကာတွေနဲ့ အဆက်အသွယ် ပေးမလုပ်ဘူးလို့ ဆိုပါတယ်။ ဖမ်းဆီးစဥ်က စစ်သားနဲ့ ရဲတွေ ရိုက်နှက် နှိပ်စက်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။