KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ဒေသတွေမှာ စစ်ကောင်စီက အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ဒီဇင်ဘာလ ၂၉ရက်က စတင်ကာ အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာဖြစ်ပြီး နတ်သံကွင်း၊ ပဲနွယ်ကုန်းနဲ့ မုန်းဒေသတဝိုက်အပါအဝင် နေရာအများအပြားမှာ ဖြတ်တောက်ထားတာဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“နတ်သံကွင်းကို တော်လှန်ရေးတပ်တွေထိန်းလိုက်ပြီးတော့ စစ်ကောင်စီက စစ်ကူတွေပို့တယ်။ အဲဒီဒေသတွေမှာ အဓိက ဖြတ်တောက်ထားတယ်” လို့ သူက ပြောပါတယ်။
နတ်သံကွင်း၊ ပဲနွယ်ကုန်းဒေသ တဝိုက်မှာ စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာလ ၃၁ရက် တစ်ရက်တည်းမှာတင် လေကြောင်း တိုက်ခိုက်မှု ၉ကြိမ် ပြုလုပ်ထားတယ်လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
စစ်ကောင်စီတပ်တွေက စစ်မဖြစ်တဲ့ နေရာတွေမှာလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေပြီး ပြည်သူ လူထုနေအိမ်တွေ ထိခိုက်တာ ရှိတယ်လို့ သူက ပြောပါတယ်။
ပဲနွယ်ကုန်းနဲ့ ကျောက်ကြီးကြားမှာရှိတဲ့ နတ်သံကွင်းမြို့ကို ဒီဇင်ဘာလ ၂၆ရက်က KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ် တွေက ဝင်ရောက်သိမ်းပိုက် ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာကြောင့် လူနေအဆောက်အဦတွေထိခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၇ရက်မှာ ပဲနွယ်ကုန်းမြို့နယ်၊ သဲကောကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် လက်နက်ကြီးထိမှန် ပျံလွန်တော်မူခဲ့ပါတယ်။