ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းဒေသ အပါအ၀င် စစ်တောင်းမြစ်၀ှမ်း ဒေသကို စစ်ရေးအရ ထိန်းချုပ်ထားနိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF၊ စစ်ဒေသခွဲ (၂)၊ မြေပြင် တာ၀န်ရှိသူ တစ်ဦးက အသိပေး ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ အသက်သွေးကြောဖြစ်တဲ့ ကပစ-လက်နက်စက်ရုံတွေ ဒုတိယ အများဆုံးရှိတဲ့ ပဲခူးတိုင်းဟာ စစ်ရေးအရ အရေးပါတဲ့ နယ်မြေဖြစ်တဲ့ စစ်တောင်းမြစ်၀ှမ်း နေရာ အများစုကို စစ်ကောင်စီ လက်လွှတ်ထားရပြီး KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးအရ ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
စစ်တောင်း မြစ်၀ှမ်းဒေသမှာ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့နဲ့ ဆက်သွယ်သွားလာဖို့ အရေးပါတဲ့ ဒေသ ဖြစ်သလို့ စစ်ကောင်စီဘက်က အပြင်းအထန် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ သမင်အင်းကုန်း၊ နံဇ စတဲ့ ကျေးရွာတွေဟာ ရန်ကုန်-မန္တလေး လမ်းဟောင်းကို စစ်ရေးအရ တိုက်ရိုက် ခြိမ်းခြောက်နိုင်တဲ့ နေရာ ဖြစ်ပါတယ်။
ဒီလို စစ်ကောင်စီကို အဘက်ဘက်က ခြိမ်းခြောက်နိုင်တဲ့ နယ်မြေတော်တော်များများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်က ထိန်းချုပ်ထားနိုင်ပြီး ဒီအခြေအနေနဲ့ ပတ်သက်လို့ မကြာခင်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန် အသိပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ပဲခူးတိုင်း အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ ထိန်းချုပ်နယ်မြေတွေမှာတင် ရပ်တန့်နေမှာ မဟုတ်ဘဲ နယ်မြေတိုးချဲ့ စိုးမိုးနိုင်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်လို့ PDF စစ်ဒေသခွဲ (၂)၊ မြေပြင်တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။
အခုကာလဟာ ခုခံစစ်ကနေ တန်ပြန်ထိုးစစ်ကို အသွင်ကူးပြောင်းလာပြီ ဖြစ်လို့ ပြည်သူတွေ အနေနဲ့ တော်လှန်ရေး အောင်မြင်ဖို့ ဆက်လက်တောင့်ခံ ပေးကြဖို့နဲ့ ၀ိုင်း၀န်းကူညီ ပေးကြဖို့ သူက မေတ္တာရပ်ခံ ထားပါတယ်။