ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာတွင် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲပြီးနောက် ဒေသခံများအား ပစ်ခတ်သတ်ဖြတ်မူကြောင့် သေဆုံးသူ ၄၁ဦးအထိ ရှိလာပြီဟု မြို့ခံများက ပြောသည်။
ဗျိုင်းဖြူကျေးရွာကို မေလ ၂၉ ရက် နံနက်တွင် စစ်ကောင်စီတပ်အင်အား ၁၀၀ခန့်က လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်ခဲ့ပြီး ဒေသခံအမျိုးသားအချို့အား ဖမ်းဆီးခဲ့ကြောင်း၊ အချို့ကို သေနတ်ဖြင့်ပစ်ခတ်သဖြတ်ခဲ့ရာ ၉ဦးသေဆုံးကြောင်း မူလက သိရှိထားသော်လည်း ယနေ့(ဇွန်လ ၁ရက်) နံနက်တွင် သိရှိရသောသတင်းအရ ၄၁ဦးအထိ အသတ်ခံထားရကြောင်း ဒေသခံတဦးက ပြောသည်။
” AA ထောက်ခံတယ်လို့ သူတို့(စစ်ကောင်စီ) ထင်တဲ့ သူတွေမှန်သမျှ သတ်နေတာ။ ကျနော်တို့သိထားတဲ့စာရင်းအရ ၄၁ဦး ရှိနေပြီ။ အဖမ်းခံထားတာတွေလည်း ရှိနေသေးတယ်။ အသတ်မခံရသေးတဲ့သူတွေ လွတ်မြောက်ဖို့ အားလုံးဝိုင်းကူပေးကြပါ”ဟု စစ်တွေမြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီက အသက်(၁၅)နှစ်မှ (၆၀)ကြား အမျိုးသား ၁၀၀ကျော်ကို ဖမ်းဆီထားပြီး AAနင့် ဆက်စပ်သည်ဟုသံသယရှိသူများနှင့် ခန္ဓာကိုယ်တွင် ” AA”၊ “အာရက္ခတပ်တော်”၊ “သာလီစွ” ဟု တက်တူးထိုးထားသူများကို သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းဟု ၎င်းက ပြောသည်။
ဗျိုင်းဖြူကျေးရွာမှ ထွက်ခွာလာသောဒေသခံများသည် လက်ရှိတွင် စစ်တွေမြို့၊ ဝင်္ကဘာကွင်း၌ တဲထိုးနေထိုင်နေရပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း မြို့ခံအချို့ကပြောသည်။ ဒေသခံများ သတ်ဖြတ်ခံရသည့်အခြေအနေကို အသေးစိတ်မသိရှိနိုင်သေးပေ။
ဗျိုင်းဖြူကျေးရွာတွင် လတ်တလောဖြစ်ပွားနေသည့်အခြေအနေများနှင့်ပတ်သက်၍ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ AAက ယနေ့ညနေ ထုတ်ပြန်ချက်မှာ ယနေ့နံနက် (၉) နာရီ နှင့် (၉) နာရီ (၄၅) မိနစ်ကြားတွင် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာနှင့် ကြိမ်ခွေမော်ကျေးရွာ၊နံနက် (၁၀) နာရီ (၂၄) မိနစ်အချိန်၌ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအားလည်းကောင်း စစ်ကောင်စီကY-12 လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အရပ်သားပြည်သူအချို့ သေဆုံးပြီး အသေးစား၊ အလတ်စား၊ အပြင်းစား ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း အသိပေးထားသည်။
ယိုးတရုတ်ကျေးရွာသည် AA ထောက်ခံသည့်ရွာဖြစ်၍ ဗုံးကြဲဖျက်ဆီးပစ်ရန် စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ်ချန်နယ်များ၌ လှုံ့ဆော်ရေးသားပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်လာခြင်းဖြစ်သည်။နောက်ဆက်တွဲသတင်းများကို ဆက်လက်စုံစမ်း၍ဖော်ပြပါမည်။