ရခိုင်ပြည်၊ စစ်တွေမြို့အတွင်းရှိ စစ်ဆေးရေးဂိတ်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများထံမှ ငွေကြေးတောင်းခံမှုများရှိနေပြီး ပစ္စည်းများပါလျှင်လည်း သိမ်းဆည်းမှုများ ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
စစ်တွေ-ပလ္လင်ပြင်ကားလမ်းရှိ လုံခြုံရေးဂိတ်များဖြစ်သော ဘုမေကျေးရွာ အဝင်အထွက်ဂိတ်နှင့် အမှတ် (၁၄) ရဲတပ်ရင်းရှေ့ရှိ လုံခြုံရေးဂိတ်များတွင် ငွေတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။
အမည်မဖော်လိုသည့် အိန္ဒိယသုံးဘီးဆိုင်ကယ်မောင်းနှင်သူတစ်ဦးက “ကျွန်နော်ဆီကနေ ပါတဲ့ ခရီးသည်အယောက်တိုင်းအတွက် တစ်ယောက်ကိုငွေတစ်ထောင် တောင်းတယ်။ ဒီအချိန်ဒီကာလမှာ ဒီလောက်ခက်ခဲ ကြပ်တည်းနေတာကို သူတို့မို့ မရှက်မကြောက်နဲ့ တောင်းတာ။ သူတို့တောင်းတဲ့ငွေကို မပေးရင် ဂိတ်ကိုပေးမဖြတ်ခိုင်းဘူးဆိုပြီး တောင်းတာပါ။ ကျွန်နော့်ခရီးသည်တွေက အလျင်လိုနေလို့ သူတို့တောင်းတဲ့ငွေကို ပေးခဲ့ရပါတယ်” ဟု Western News ကိုပြောသည်။
ထို့အပြင် အဆိုပါလမ်းသည် မွတ်ဆလင်ကျေးရွာများနှင့် ချိတ်ဆက်ထားသော အဓိကလမ်းမဖြစ်ပြီး အဆိုပါလမ်းမှ သွားလာသည့် မွတ်ဆလင်များကိုလည်း ငွေကြေး တောင်းခံလျှက်ရှိနေကြောင်း ငွေကြေးတောင်းခံခြင်းခံရသည့် မွတ်ဆလင်များက ဆိုသည်။
“ဘုမေရွာထိပ်ကဂိတ်က ကျွန်တော်တို့ဆေးကုဖို့သွားရင်တောင် တစ်ခါသွားရင် ငါးထောင်ပေးရပါတယ်။ ရဲတပ်ရင်းရှေ့က ဂိတ်ကကျတော့ တစ်ယောက်ကို တစ်ထောင်နှစ်ထောင်ပေးရတယ်။ သူတို့မူးနေရင် ပိုပေးရတယ်။ တစ်ခါတစ်လေဆိုရင် သူတို့မူးပြီးပြောတာကို နားမလည်လို့ဆိုပြီး ကျနော်တို့ရွာက ခလေးတွေကို ပါးရိုက်တာမျိုးလည်းရှိပါတယ်” ဟု ဒါးပိုင်ကျေးရွာမှ အမည်မဖော်လိုသည့် မွတ်ဆလင်တစ်ဦးက ဆိုသည်။
ထိုသို့ ငွေကြေးတောင်းခံခြင်းအပြင် တစ်ခါတစ်ရံ၌ မိမိတို့တွင်ပါလာသည့် စားသောက်ကုန်များကိုလည်း ယူဆောင်ခြင်းခံကြရကြောင်း မွတ်ဆလင်များက ပြောသည်။
“ကျနော်တို့ အိမ်မှာစားဖို့ ဝယ်လာတဲ့ ဆီပုလင်းလေးပုလင်းကို သူတို့နှစ်ပုလင်းယူထားလိုက်ပါတယ်” ဟု သက္ကယ်ပြင်ကျေးရွာမှ အမည်မဖော်လိုသည့် မွတ်ဆလင်တစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်လာချိန်တွင် စစ်ကောင်စီမှ စစ်ဆေးရေးဂိတ်များကို ပိုမိုတင်းကြပ်လျှက်ရှိနေပြီး ယခုကဲ့သို့ ငွေကြေးတောင်းခံမှုများကိုလည်း ပိုမိုလုပ်ဆောင်လာနေခြင်းလည်း ဖြစ်သည်။