ရခိုင်ပြည် စစ်တွေမြို့ အမှတ် ၁၂ ရဲတပ်ရင်းမှ ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့ယနေ့တွင် နံနက်က ပစ်ခတ်လိုက်သော လက်နက်ကြီးမှာ ၃ မိုင်ခန့်သာ ဝေးသည် ဗျိုင်းဖြူကျေးရွာအနီးသို့ ကျရောက်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
အဆိုပါ လက်နက်ကြီးမှာ ဗျိုင်းဖြူကျေးရွာနှင့် မွတ်ဆလင်များနေထိုင်သော သံတော်လီကျေးရွာတို့ကြားရှိ လယ်ကွင်းတွင် ကျရောက်နေကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
“ဒီနေ့ မနက် ၉ နာရီကျော်လောက် အမှတ် ၁၂ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကျနော်တို့ ဗျိုင်းဖြူရွာနဲ့ သံတော်လီရွာကြားမှာ ကျရောက်ပါတယ်။ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးပါ” ဟု ပြောသည်။
စစ်တွေမြို့က အမှတ် ၁၂ တပ်ရင်းသည် ရဲ၊ စစ်သားပူးပေါင်းနေထိုင်သော စစ်ကောင်စီ၏ အမြောက်တပ်ရင်းတစ်ခုဖြစ်ပြီး ပေါက်တောမြို့ကို အဆက်မပြတ်ပစ်ခတ်နေသော လက်နက်ကြီးတပ်ရင်း တစ်ခုလည်းဖြစ်သည်။
နောက်ထပ် ဒေသခံတစ်ဦးက “အမှတ် ၁၂ ရဲတပ်ရင်းဟာ ပေါက်တောမြို့ကို ပစ်ခတ်နေတာ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းကပါ။ ဒီနေ့အထိ အဆက်မပြတ် ပစ်ခတ်နေတာ။ ဒီနေ့မနက်ကလည်း ပေါက်တောမြို့ကို ပစ်တာထင်တယ်။ လမ်းကြောင်းလွဲသွားတာလား၊ ဘာလဲတော့ မသိဘူး။ ကျနော်တို့ ရွာဘက်ကို ကျလာတယ်။ အမှန်က ကျနော်တို့ ရွာဘက်ကို ပစ်စရာ အကြောင်းမရှိဘူး” ဟု ပြောသည်။
အဆိုပါ မပေါက်ကွဲသေးသည့် လက်နက်ကြီးကို ဒေသခံများ မထိမိ၊ မကိုင်စေရန်အတွက် ဒေသခံများအချင်းချင်းကြားတွင် နှိုးဆော်နေကြပြီး ဖြတ်သန်းသွားလာခြင်းကိုလည်း ခေတ္တ ရပ်ဆိုင်းထားကြောင်း သိရသည်။
အဆိုပါ လက်နက်ကြီးကို ယနေ့ နေ့လယ် ၁ နာရီကျော်အချိန်အထိ လက်နက်ကြီးကို စစ်ကောင်စီက လာရောက်ရှင်းလင်းမှု မရှိသေး၍ ဒေသခံများမှာ စိုးရိမ်နေကြဆဲဖြစ်သည်ဟု စုံစမ်းသိရသည်။
ဗျိုင်းဖြူရွာဒေသခံ တစ်ဦးက “စစ်တွေမှာတော့ တိုက်ပွဲ ဖြစ်ပွားနေတာတော့ မရှိဘူး။ ပေါက်တောဖက်မှာတော့ တိုက်ပွဲ ဖြစ်နေတာရှိတယ်။ အဲ့ဒီနေရာကို လှမ်းပစ်တာဖြစ်တယ်။ ပစ်မှတ်ကို မရောက်ဘူး။ စစ်တွေအနီးက ဗျိုင်းဖြူရွာ အနားကို ကျတာ။ လက်နက်ကြီးက မပေါက်ကွဲသေးဘူး။ လာရောက်ဖယ်ရှားပေးတာလည်းမရှိဘူး”ဟုပြောသည်။