ဘုတလင်မြို့တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ချင်းတွင်း မြစ်ကြောင်းမှ ထွက်ပြေးသည့် စစ်ဘေးရှောင်များ၏စက်လှေတစ်စီးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ လှေနစ်မြုပ်ခဲ့သော်လည်း စစ်ဘေးရှောင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကနီဒေသခံများက ကယ်ဆယ်နိုင်ခဲ့သည်။
“စက်လှေက ဒီဘက်ကမ်းရောက်ကာနီးမှာ အပစ်ခံရတာ။ ကမ်းနဲ့လည်း နီးတာရယ်၊ ရေလည်း ကူးတတ်ကြတော့ တစ်ယောက်မှ မထိခိုက်ဘူး။ မောင်းသူကတော့ လက်ထိသွားတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တဦးကပြောသည်။
မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာ သောစစ်ကောင်စီစစ်ကြောင်းသည် ယနေ့(ဖေဖော်ဝါရီလ ၁၂ရက်)နံနက်တွင် ဘုတလင်မြို့နယ်ကွင်းခြံရွာသို့ဝင်ရောက်လာစဉ် ဒေသခံများက စက်လှေများဖြင့် ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။ ကလေးငယ်အချို့အပါအဝင် လူ၃၀ဦးခန့်လိုက်ပါလာသော စက်လှေတစ်စီးသည် ချင်းတွင်းမြစ်တစ်ဖက်ကမ်းသို့ ရောက်ကာနီးတွင် စစ်ကောင်စီက ပစ်ခတ်သောလက်နက်ကြီးထိမှန်သွားခြင်းဖြစ်ကြောင်းသိရသည်။
“မမြုပ်ခင်လေး အကုန် ကမ်းကို ကူးတက်လာတာ။ကလေးတွေလည်း မြုပ်လို့ လိုက်ဆွဲရသေးတာ။ ကမ်းနဲ့လည်းနီးလို့ တော်သေးတာ” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
လက်ရှိတွင် ကနီမြို့ဘက်ခြမ်းသို့ထွက်ပြေးလာသည့် စစ်ဘေးရှောင် တစ်ထောင်ခန့်အထိ့ရှိပြီး ၎င်းတို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက ကူညီပေးနေသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ဘုတလင်မြို့နယ်၊ ကွင်းခြံကျေးရွာနဲ့ဘေးပတ်ဝန်းကျင်မှကျေးရွာများကိုစစ်ကြောင်းထိုးနေကြောင်းဒေသခံများကပြောသည်။