ရှမ်းပြည်နယ်တောင်ပိုင်း၊ နဲ့ ကရင်နီ(ကယား)ဘက်က စစ်ဘေးရှောင်တချို့ဟာ စားနပ်ရိက္ခာ လုံလောက်မှုမရှိတဲ့အပြင် ဝင်ငွေနည်းပါးတာတွေကြောင့် ဆန်ကွဲ၊ ရေစိုဆန်နဲ့ ဆန်ပျက်တွေကို စားသုံးနေရတယ်လို့ သိရပါတယ်။
ကရင်နီ၊ လွိုင်ကော်ဘက်က စစ်ဘေးရှောင်တွေ ကာလရှည်ကြာလာတာ၊ အလုပ်အကိုင်မရှိတာတွေကြောင့် ခုလို ဆန်တွေ စားသုံးလာကြရတာလို့ သိရပါတယ်။
“ကျနော်တို့လဲ စိတ်မကောင်းတာဗျာ၊ အရင်က ဒီဆန်မျိုးတွေဆိုတာ တိရိစ္ဆာန်အစာလုပ်ရတာလေ၊ အခုဒီလို ဆန်မျိုးတွေ လာဝယ်နေကြတာ၊ အရင်းအတိုင်းပဲရောင်းပေးတယ်၊ အလကားလဲ အပိုတွေအများကြီး ထည့်ပေးလိုက်တယ်၊ သူတို့က လူမသိစေချင်ဘူး၊ ရှက်ကြမှာပေါ့ဗျာ”လို့တောင်ကြီးက ဆန်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။
ရိုးရိုးဆန်ကြမ်း ၁ပြည်တောင် ၄ ထောင် ၅ ထောင် ဖြစ်နေပြီး ဆန်ချော ၁ ပြည်ကို ၆ ထောင်ကနေ ၈ ထောင်အထိဖြစ်နေတာမှာ ရေစိုလို့အဝါဖောက်ပြီး ပျက်စီးနေတဲ့ ရေစိုဆန် ၁ ပြည်ကို ၁၅၀၀ ကျပ်ခန့်သာ ရှိတာဖြစ်လို့ စစ်ဘေးရှောင်တွေအပြင် တချို့သော လက်လုပ်လက်စား သာမန်လူတန်းစားတွှေ ဝယ်စားနေကြရတယ်လို့ သိရပါတယ်။
“ဆန်ကွဲတောင် မမီတော့ဘူး၊ မနက်ကို ထမင်းရည်ပဲသောက်နိုင်တယ်၊ ဆန်ဆိုလဲ ရေစိုဆန်ကမှ နေလှမ်းပြီး ပြန်ချက်ရင် ကောင်းသေးတယ်၊ ဆန်ပျက်ကြတော့ ရေအထပ်ထပ်ဆေး နေလှမ်းနဲ့လုပ်ချက်စားကြရတာ၊ ၁ ပြည်မှ ၁ ထောင်ကျော်လေးဆိုတော့လေ၊ မနေ့က တော့ ဆန်ပျက် ၁၂၀၀ ပေးဝယ်ခဲ့ရတယ် ၊ ဒါလဲ ၂ ပြည်လောက်ပဲဝယ်နိုင်တယ်၊ စစ်ဘေးရှောင်မှ မဟုတ်ပါဘူး၊ ဒီမှာ တချို့တွေလဲ အတူတူဆင်းရဲနေကြတာပါပဲ”လို့ လွိုင်ကော်ကနေ အေးသာယာကို စစ်ဘေးရှောင်နေတဲ့ကျပမ်းလုပ်သား ၁ ဦးက ပြောပါတယ်။
အလုပ်ရှိတဲ့နေ့တွင် ကျပ် ၅ ထောင်မှ ၁ သောင်းအထိရနိုင်သော်လည်း အလုပ်မရှိတဲ့နေ့ဆို ကားခတောင် အနိုင်နိုင်လို့ပြောပါတယ်။ မိသားစု ၅ယောက် အားလုံးငွေရနိုင်တဲ့ အလုပ်အကုန်လုပ်နေကြရတယ်၊ ပိုက်ဆံမရှိလို့ နေမကောင်းဖြစ်ကြရမှာ အလွန်စိုးရိမ်ကြရပြီး သူအလွန်ကြိုက်ခဲ့တဲ့ကွမ်းတောင် မဝါးနိုင်တော့ဘူးလို့ပြောပါတယ်။
လက်ရှိဆန်အညံ့စျေးကွက်တွင် ဆင်းရဲသားစားဆန် ဆန်ကွဲ(စလပ်စ)၁ ပြည် ၂ ထောင််ကျပ်၊ ရေစိုဆန် ၁ ပြည် ၁၅၀၀ က ၂ ထောင်ကျပ်နဲ့ ဆန်ပျက်၁ပြည် ၁ ထောင်က ၁၂၀၀ ကျပ် စျေးပေါက်နေတယ်လို့ သိရပါတယ်။