ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်နဲ့ ကြာအင်း ဆိပ်ကြီးမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်ပေး တာနဲ့ ဆေးဝါးကုသပေးတာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ပါတယ်။
တပ်မဟာ(၆) ဝင်းရေးမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ပုလိန်၊ခလယ်တံခွန်တိုင်နဲ့ နန်းသိုင်းထွန်းကျေးရွာတွေက ပြည်သူ(၄၀၀၀) နီးပါးဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ကစပြီး ထွက်ပြေးတိမ်းရှောင်နေရတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လ(၂၇) ရက်နေ့ကလည်း ဝင်းရော်ဒေသက စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး အဖွဲ့နဲ့အတူ ဒုစစ်ဒေသမှူးရုံး အမှတ်(၃) စစ်ဒေသခွဲ၊တောင်ပိုင်းတိုင်း J.O.C တို့ဟာ CDM ဆရာဝန်ကြီးတွေရဲ့ အကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်တာနဲ့ ဆေးဝါးကုသပေးတာတွေ ပြုလုပ်ပေးခဲ့သေးတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ဟာ မိုးတွင်းကာလဖြစ်တဲ့အတွက် စစ်ရှောင်ပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို ကျန်းမာရေးလိုအပ်ချက်တွေ ရှိနေတဲ့အတွက် စားနပ်ရိက္ခာ ဖြန့်ဝေရေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဝင်းရော်ဒေသ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့အပါအဝင် ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ဝင်းရေးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို Free Burma Ranger အဖွဲ့သားတွေကလည်း ကူညီဆောင်ရွက်ပေးတာ၊ ဆေးဝါးကုသဖို့လိုအပ်တဲ့ ပြည်သူတွေကို ဆေးဝါးကုသမှုပြုလုပ်ပေးတာ၊ အဟာရဖြစ်စေတဲ့ အစားအသောက်တွေကို ကျွေးမွေးတာတွေလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကလေးငယ်တွေအတွက် ကောင်းမွန်တဲ့ ဘဝအသက်တာ အစီအစဉ်တွေကို ပြုလုပ်ပေး တာနဲ့ အားပေးစကားပြောကြားတာတွေလည်း လုပ်ဆောင်ပေးနေတယ်လို့ KNU ဒူးပလာယာ ခရိုင် သတင်းပြန်ကြားရေးက ဇူလိုင်လ(၂၇) ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒူးပလာယာခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲနဲ့ ကျေးရွာတွေအပေါ်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား တွေဟာဘေးလွတ်ရာကို ရှောင်တိမ်းနေရပြီး မိုးတွင်းကာလဖြစ်တဲ့အတွက် နေရာထိုင်ခင်း အမိုး အကာ၊ တာလပတ်၊စောင်နဲ့ ခြင်ထောင် စတာတွေ လိုအပ်နေသလို စားနပ်ရိက္ခာနဲ့ ကျန်းမာရေး ဆိုင်ရာ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဝင်းရေးမြို့နယ် ပုလိန်၊ခယ်တံခွန်တိုင်၊နန်းသိုင်းထွန်းကျေးရွာတွေက ထွက်ပြေးတိမ်းရှောင် နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ဒုစစ်ဒေသမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း J.O.C ဟာ ဆန်အိတ်၊ဆီ၊ခေါက်ဆွဲခြောက်တွေကို ဝင်းရော်ဒေသ အရေးပေါ်စစ်ရှောင်ကူညီရေး ကော်မတီ(အောက်ပိုင်း)ကတဆင့် ဖြန့်ဝေပေးနေတယ်လို့လည်း ဇူလိုင်လ(၁၀) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။