စပါးစိုက်ပျိုးရာသီရောက်နေပေမဲ့ တောင်သူတွေ စစ်ဘေးရှောင်ပြေးနေရတဲ့အတွက် သရက်ချောင်းမြို့နယ်ထဲက ကျေးရွာအများစုအခုအချိန်ထိ မစိုက်ပျိုးနိုင်သေးဘူးလို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
မစိုက်ပျိုးနိုင်သေးတဲ့ လယ်တွေဟာ အခုလ ၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ မင်းဒပ်ရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်း၊ ပိန္နဲတော၊ ကနက်သီရိရွာတွေနဲ့ အနီးတစ်ဝိုက်မှာရှိနေတဲ့ လယ်တွေ ဖြစ်ပြီး လယ်ဧက ၅၀၀ ထက် မနည်း ရှိတယ်လို့ သိရပါတယ်။
“လုပ်လို့ရမယ်လို့မထင်ဘူးရှင်။ ဘာလို့ဆိုမြင်တဲ့လူတိုင်းလိုက်ပစ်နေတာလေ။ ဒီကောင်တွေရှိနေသရွေ့တော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။” လို့ စစ်ဘေးရှောင်ပြေးနေရတဲ့ ရငဲရွာက တောင်သူမိသားစုဝင်တစ်ဦးက ပြောပါတယ်။
ရငဲရွာမှာတော့ စစ်ကောင်စီတပ်သားတွေတပ်စွဲအထိုင်ချထားတာကြောင့် ရွာလုံးကျွတ်နီးပါးလယ်မလုပ်နိုင်ဘဲ စစ်ဘေးရှောင်ပြေးနေကြရတာပါ။
ဒေသခံတောင်သူနောက်တစ်ဦးကတော့ “ နေတအားကျရင်လယ်စိုက်လို့မရတော့ဘူး။ အခုကရငဲကလွဲရင် ပန်းကြားပန်းကြား (ကွက်ကျား)တော့ စိုက်နေကြတယ်။ ဆက်စောင့်ကြည့်ရမှာပေါ့။” လို့ပြောပါတယ်။
အဆိုပါတောင်သူပြောသလိုပါပဲ ရငဲအနီးနားရွာတွေမှာတော့ စိုက်ပျိုးသူအချို့ရှိနေပေမဲ့ ရာနှုန်းပြည့်စိုက်ပျိုးနိုင်တာမျိုး မဟုတ်ဘဲ ကွက်ကျား စိုက်ပျိုးနေကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ(ဝါခေါင်လကုန်)အထိ စပါးကိုနောက်ဆုံးထားစိုက်ပျိုးကြပြီး အဲဒီထက်နောက်ကျသွားရင် ရာသီဥတုမမှန်တာနဲ့ ကြုံနိုင်သလို စပါးတွေ ပျက်စီးကုန်တာ စပါးရိတ်သိမ်းချိန်နဲ့ နီးသွားတာတွေကြောင့် လယ်လုပ်လို့ မရတော့ဘူးလို့ တောင်သူတွေက ပြောပါတယ်။
ဆန်းစျေးကြီးလို့ လောက်ငှအောင် မဝယ်စားနိုင်တဲ့အခြေအနေမှာ တောင်သူတွေလယ်စိုက်လို့ရအောင် ဒီကာလမှာ စစ်မဖြစ်ဖို့ မျှော်လင့်မိတယ်လို့ ဒေသခံတောင်သူက ဆက်ပြောပါတယ်။
လယ်လုံးဝမစိုက်နိုင်တဲ့ ရငဲရွာက မြွေတောင်ပေါ်မှာ စစ်ကောင်စီတပ်သားတွေဟာ တပ်စွဲထားပြီး ရေရှည်စခန်းချဖို့ ဘန်ကာတွေဆောက်လုပ်နေတာတွေလည်း ရှိနေပါတယ်။
မနေ့ကလည်း နေအိမ်ခဏပြန်လာတဲ့ ရငဲရွာသားတစ်ဦးကို ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ အခုလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒေသခံတွေက နေရပ်မပြန်နိုင်ကြဘဲ ဖြစ်နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကောင်စီတပ်ဘက်ကပစ်တဲ့ မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်တွေလည်း ကျွဲမင်းကုန်းရွာအပါအဝင် အနီးအနားရွာတွေမှာရှိနေတယ်လို့သိရပြီး အဲဒီကျည်တွေနဲ့တွေ့ပြီး မတော်တဆဖြစ်မှာကိုလည်း စိုးရိမ်နေတယ်လို့ ဒေသံတွေကပြောပါတယ်။
သရက်ချောင်းမြို့နယ်တစ်ခုလုံးမှာ လယ်ဧက သုံးထောင်ကျော်ရှိတယ်လို့ သန်းခေါင်းစာရင်းမှာ ဖော်ပြထားပါတယ်။