စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ မြေပြင်တာဝန်ခံ တွေက စိုက်ခင်းတွေ စိုက်ပျိုးပြီးတော့ ခြံထွက်သီးနှံတွေ ဝေငှပေးနေပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူတွေလူမှုဒုက္ခအဝဝကို ကြုံတွေ့ခံစားခဲ့ရပြီး ဆင်းရဲကျပ်တည်းမှုမျိုးစုံကို ရင်ဆိုင်ရလျက်ရှိရာ အထူးသဖြင့် စစ်ကိုင်းတိုင်း အတွင်းက စစ်ဘေးရှောင်ပြည်သူများရဲ့ ရေရှည်စားနပ်ရိက္ခာဖူလုံမှုကလည်း စိုးရိမ်ရတဲ့အခြေအနေသို့ ရောက်ရှိနေတယ် ဆိုပြီးတော့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဆိုပါ အကျပ်အတည်းကို တစ်ဖက်တစ်လမ်းမှ သက်သာစေရန်အလို့ငှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာဝန်ကြီးဌာနနဲ့ ဆက်စပ်ဝန်ကြီးဌာနများက ကြိုးစားဆောင်ရွက်နေတယ်ဆိုတာနဲ့ စစ်ကိုင်းတိုင်း အတွင်းက ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်လျက်ရှိတဲ့ မြို့နယ်အချို့ရဲ့ မြေပြင်လူသားစာနာ တာဝန်ခံများကလည်း စစ်ဘေးရှောင်ပြည်သူများအတွက် ရည်ရွယ်စိုက်ပျိုးထားတဲ့ စိုက်ခင်းများကို စိုက်ပျိုးဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
စိုက်ခင်းများမှရရှိလာတဲ့ ဟင်းသီးဟင်းရွက်များကို စစ်ဘေးရှောင်အိမ်ထောင်စုများထံသို့ လတ်တလော ရိက္ခာအတွက် လိုက်လံဝေငှပေးလျက်ရှိတယ်ဆိုတာနဲ့ စစ်ဘေးရှောင်ပြည်သူများရဲ့ စားနပ်ရိက္ခာအတွက် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိတဲ့ ဒေသခံလူသားစာနာ တာဝန်ခံများရဲ့ စေတနာမေတ္တာနဲ့ လုပ်အားအတွက် ပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။